Thursday, February 06, 2014

ထိုင်းနိုင်ငံအိမ်စောင့်အစိုးရ နဲ့ မြန်မာအလုပ်သမားအရေး



ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အများအပြား ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံး၍  ဖမ်းဆီးခြင်း နှင့် အလုပ်လက်မဲ့ ပြဿနာတို့ကို ရင်ဆိုင်နေကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

“ထိုင်း လွတ်တော်ကို ဖျက်သိမ်းတာ ၂ လရှိပြီ၊ အလုပ်သမားကိစ္စ ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ ၄ နှစ် ဗီဇာ သက်တမ်း ကုန် တဲ့ အလုပ်သမားတွေ ထိုင်းရဲတွေ ဖမ်းဆီးတာတွေ ခံနေရတယ်” ဟု Labour Rights Promotion Network (LPN) မှ ဒါရိုက်တာ Sompong Srakaew က ဆိုသည်။

မြန်မာ အစိုးရအနေနှင့် မြန်မာပြည်သားများကို ဖမ်းဆီးမှုများ မပြုလုပ်ရန် ထိုင်း အာဏာပိုင်များကို မေတ္တာ ရပ်ခံထားပေမယ့် ဖမ်း ဆီးမှုများ ရှိနေသည်ဟု Sompong Srakaew က ပြောကြားကြောင်း posttoday အင်တာနက်စာမျက်နှာတွင် မကြာသေးခင် ရက်ပိုင်းက  ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်တွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ သဘောတူထားသည့် နားလည်မှု စာချွန်လွှာ အရ ဗီဇာ သက်တမ်း   ပြည့်သွားသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အားလုံး မိခင်နိုင်ငံသို့ ၃ နှစ် ပြန်လည် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ နောက် တကြိမ် ပြန်လည် ၀င်ရောက် အလုပ်လုပ်ကိုင်ရမည်ဟု ထိုင်းဥပဒေအရ ပါရှိသည်။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံမှူး ဦးကျော်ကျော်လွင်ကမူ “မေတ္တာရပ်ခံတယ်ပဲ ပြောတာပါ၊ နေလို့ရတယ် လို့ မပြောပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း အလုပ်သမားအရေး ကိစ္စများကို ထိုင်းနှင့် မြန်မာအစိုးရကြား ညှိနှိုင်း ဆောင်ရွက်ထားကြောင်းလည်း ၎င်းက ဆိုသည်။ သို့ သော် မည်သည့် အချိန်တွင် အကောင်အထည် ဖော်ဆောင်မည်ကိုမူ တိတိ ကျကျ ပြောကြားခြင်း မရှိပေ။ နယ်စပ်ဒေသများတွင် ရုံးများဖွင့် လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

“နှစ်နိုင်ငံ MOU သဘောတူစာချုပ် အရ အလုပ်သမား တယောက်က ပထမ ၂ နှစ် နှစ်ခါ ၄ နှစ် နေရမယ်၊ ပြီးရင် ၃ နှစ်ပြန် နေရမယ်လို့ ပါပြီသား၊ နောက်တခါ သူတို့ ပြန်လျှော့ပြီးတော့မှ တလပြန်နေရမယ်လို့ ပြောတယ်၊ သူတို့လည်း မဖမ်းဘူးလို့ မပြောထားဘူး၊ ကျနော်တို့လည်း မဖမ်းဖို့ အတတ်နိုင်ဆုံး မေတ္တာ ရပ်ခံထားတယ်”ဟု ဦးကျော်ကျော်လွင်က ရှင်းပြသည်။

ဇန်န၀ါလဆန်းပိုင်းကလည်း ထိုင်းနိုင်ငံ စမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့နယ်အတွင်း အလုပ် လုပ်ကိုင်နေ သည့် မြန်မာ နိုင်ငံသားတချို့ ၄ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးမည့်သူများ အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေနေရကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ မဟာချိုင်ဒေသတွင် ရေထွက်ပစ္စည်းအပါအ၀င် အထည်ချုပ်စက်ရုံ အများ အပြား ရှိပြီးတရားဝင်အလုပ် သမားလက်မှတ် ကိုင်ဆောင်ထားသူ တသိန်းခန့် ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။

ဗီဇာ သက်တမ်း တိုးမပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး မဟာချိုင်ဒေသတွင် လူဦးရေ အများဆုံး လုပ်ကိုင် စားသောက်နေသည့် မြန်မာပြည်သားများအပေါ် စိတ်မကောင်းစရာ ဖြစ်မိသည်ဟု မဟာချိုင်မြို့နယ် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

“အလုပ်သမားတွေက ဒီဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီးရင် နောက်ထပ် သက်တမ်းတိုးပေးမယ်ဆိုတာ ထိုင်းအစိုးရနဲ့ မြန်မာ အစိုးရ က နှုတ်အားဖြင့် စကားပြောထားတာပဲ ရှိတယ်၊ တရားဝင် ဥပဒေကြောင်းအရ တိတိကျကျ ထွက်ပေါ်လာတာမရှိသေးဘူး၊ မရှိသေး တဲ့အပေါ်မှာ နှုတ်အားဖြင့် သဘောတူညီထားတဲ့ အတိုင်းပဲ ရလိုတဲ့အတွက် အလုပ်သမားတွေက စောင့်နေကြတယ်၊ တချို့အလုပ် ရှင်တွေကလည်း သူတို့ ဥပဒေရှိတယ်၊ စက်ရုံ၊ အလုပ်အတွင်းမှာရှိသော မြန်မာပြည်အလုပ်သမားများသည် တရားဝင် ပတ်စပို့ ဗီဇာ အလုပ်လုပ်ခွင့် သက်တမ်းရှိရမည်ဆိုတဲ့ ဥပဒေက ရှိနေတော့ တချို့အလုပ်ရှင်က စိုးရိမ်ပြီး အလုပ်သမားတွေကို အလုပ်ပြုတ်လိုက် တယ်”ဟု ဆိုသည်။

လတ်တလောတွင် အလုပ်သမားများ အလုပ်ပြုတ်ပြီး စားဝတ်နေရေး၊ သွားရေးလာရေး၊ နေရေးထိုင်ရေး အခက်အခဲများ ရင်ဆိုင်နေရခြင်း ရှိသကဲ့သို့ ထိုင်းအလုပ်ရှင်များလည်း အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင် နေရကြောင်း ၎င်းက ဆိုသည်။

“မြန်မာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ အမှန်တကယ်လုပ်ဆောင်ကြတော့မယ်လို့ ပြောဆိုပြီးတော့ ထိုင်းအစိုးရ လတ်တလော ဖြစ် ပေါ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အရမ်းတွန်းအားပေးပြီးတော့ သူတို့ကို သွားပြောလို့ မရဘူး၊ သူတို့မှာလည်း တရားဝင်အစိုးရ မရှိဘဲနဲ့ အိမ်စောင့်အစိုးရသာ ဖြစ်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျနော်တို့ ဘာမှ ဆက်လုပ်လို့ မရဖြစ်နေတယ်”ဟု ဦးအောင်ကျော်က ပြောသည်။

ဘန်ကောက်ရှိ ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုရှိသော်လည်း ချင်းမိုင်ဒေသ၌ လုပ်ကိုင်နေ သည့် ၄ နှစ် ဗီဇာသက်တမ်းလွန် မြန်မာအလုပ်သမားများကိုမူ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ထိုင်းအလုပ် သမားအရာရှိများက ဆောင်ရွက်ပေး ထားကြောင်း၊ သို့သော် ချင်းမိုင်ဒေသမှ တခြား ဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့် မပြုကြောင်း အလုပ်သမား အရေး ဆောင်ရွက် သူများက ဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများထဲမှ အရေအတွက် ထက်ဝက်ကျော်ဖြစ်သော  ၁ သန်း ၇ သိန်းနီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင်ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားကြောင်း၊ ယင်း တို့အထဲမှ ဗီဇာသက်တမ်း   ကျော်လွန်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့် ရှိကြောင်း သိရသည်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List