Friday, February 07, 2014

သမ္မတ အရည်အချင်း သတ်မှတ်ချက်ပြင်ရေး လူတစ်ရာခန့် ဆန္ဒပြ



ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတား ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅ ၉(စ) နှင့် (ဃ) ပြင်ဆင် ပေးရေးအတွက် ရန်ကုန်မြို့ အလုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က လူဦးရေ ၁၀၀ နီးပါး ဆန္ဒထုတ် ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သူ ဦးမင်းနေထူးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် “ပုဒ်မ ၅၉ (ဃ) နှင့် (စ) အလိုမရှိ၊ ပြည်သူက ရွေးချယ် တင်မြှောက်သည့် အစိုးရ ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ပြင်ဆင်ပေးရေး” စသည့် ကြွေးကြော် ပိုစတာများ ကိုင်ဆောင်ကာ အလုံမြို့နယ် ဂဠုန်ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်း (ဝိုက်တော ဘတ်စ်ကားမှတ်တိုင်) မှစတင်၍ ငုဝါလမ်း၊ နှင်းဆီးကုန်းလမ်း၊ ဝေဘာဂီလမ်းတို့မှတစ်ဆင့် အလုံမြို့နယ် ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံသားတစ်ဦးရဲ့ နိုင်ငံရေးမှာ ဦးဆောင် ပါဝင်နိုင်ခွင့်ကို ကန့်သတ် ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးဖို့ပါ” ဟု ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမင်းနေထူးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ပါဝင်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်ဟု အခြေခံဥပဒေ၊ ပုဒ်မ ၅၉ (ဃ)တွင် ပြဋ္ဌာန်းထားပြီး သာမန် ပြည်သူ တစ်ဦးနေနှင့် စစ်ရေးအမြင်ရှိရန် မလွယ်ကူသောကြောင့် အဆိုပါ ပြဋ္ဌာန်းချက်တွင် ပါဝင်သည့် စစ်ရေး အမြင်ရှိရမည်ဆိုခြင်းမှာ တပ်မတော်သား တစ်ဦးသည်သာ နိုင်ငံတော်သမ္မတ ဖြစ်ရမည်ဟု အဓိပ္ပာယ်သက်ရောက်နေသောကြောင့် ယင်းအချက်ကိုပါ ပြင်ဆင်စေလိုကြောင်း ကိုမင်းနေထူးက ပြော ကြားသည်။

ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့တွင် အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ပုဒ်မကိုမပြင်ဆင်ရန် လူတစ်သိန်းကျော်က အကြံပြုစာ ပေးပို့ထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List