Monday, February 03, 2014

စာပေနှင့်သတင်းမီဒီယာ အဖွဲ့ ၄ ဖွဲ့၏ ထုတ်ပြန်ချက်

၁။ ယူနတီဂျာနယ်မှ သတင်းထောက် ၄ ဦးနှင့် အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို ဇန်န၀ါရီ ၃၁ ရက်နှင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေး လျက်ရှိရာတွင် တရားစွဲဆိုမှုလုပ်ထုံးလုပ်နည်းမှာ မလျော်ကန်သဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်။

၂။ ယူနတီ သတင်းဂျာနယ်မှ သတင်းဖေါ်ပြမှုအပေါ် ဥပဒေဖြင့် အရေးယူမည်ဆိုလျှင်ပင် လုပ်ဆောင်နည်း အမှန်မှာ သတင်းဂျာနယ်၏ အယ်ဒီတာချုပ်အား ရှေးဦးစွာ အကြောင်းကြားပြီးမှ ဖြေရှင်းသင့်ပြီး အယ်ဒီတာ ချုပ်က မဖြေရှင်းနိုင်သည့် အခြေအနေမျိုးတွင်မှ ရေးသားသူ သတင်းထောက်များကို သက်ဆိုင်ရာ တရားရုံး၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြောင်းကြားစာ ပေးပို့ကာ အရေးယူသင့်သည်ဟု ယူဆသည်။

၃။ ယခုကဲ့သို့ နယ်သတင်းထောက်ကို မည်သည့်ဥပဒေပုဒ်မမျှ မတပ်သေးခင် ရှေးဦးစွာဖမ်းဆီးပြီးမှ အမှုပုဒ်မ တပ်ဆင်ခြင်း၊ အမှုဆောင်အရာရှိချုပ်ကိုလည်း မည်သည့်ပုဒ်မမျှ မတပ်ဆင်ဘဲ ခေါ်ယူကာ ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ထားခြင်းတို့သည် ယခင် စစ်အစိုးရလက်ထက်က လုပ်ကိုင်သည့် နည်းနာအတိုင်း ဥပဒေကြောင်းအရ မပြုမူဘဲ လုပ်ဆောင်သည်ဟု နားလည်ပါသည်။

၎။ ထို့ပြင် ယခုကဲ့သို့ အရေးယူမဆောင်ရွက်မီ နိုင်ငံတော်မှ အသိအမှတ်ပြု ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို အသိပေးပြီးမှ ကောင်စီ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ကာ ကောင်စီ၏ လုပ်ပိုင်ခွင့် ကျော်လွန်သည့်အခါမှသာ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သင့်သည်ဟု မိမိတို့အနေဖြင့် မှတ်ယူသည်။

၅။ ယခုအရေးယူမှုကြောင့် သတင်းမီဒီယာနယ်ပယ်မှ သတင်းသမားများအနေဖြင့် ခြိမ်းခြောက်ခံနေရ သည်ဟု ဆိုနိုင်နေပြီး အများပြည်သူ သိရှိလိုသည့် သတင်းအချက်အလက်များ ရယူတင်ပြမှုကို ထိခိုက်စေနိုင်မည်ဖြစ်သည်။

ထိုသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနနှင့် အစိုးရအဖွဲ့ထံသို့ ဆက်သွယ်ဆောင်ရွက်ပေးပါရန် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို လိုလားကာ အများပြည်သူ၏ သတင်းသိပိုင်ခွင့်ကို ကာကွယ်လိုသော သတင်းမီဒီယာအဖွဲ့အစည်း ၄ ဖွဲ့က တိုက်တွန်းအပ်ပါသည်။

၆။ သတင်းမီဒီယာများအနေဖြင့်လည်း သတင်းရယူဖေါ်ပြရာတွင် အချက်အလက် တိကျခိုင်လုံစေရေးနှင့် ကျင့်ဝတ်နှင့်အညီ တင်ပြရေသားရေးတို့အတွက် အစွမ်းကုန်ကြိုးစားရန် တိုက်တွန်းအကြံပြုပါသည်။ သတင်းမီဒီယာ ကျင့်ဝတ်စည်းမျဉ်းများကိုလည်း သိရှိပြီး ကျင့်သုံးလိုက်နာကြရန် တိုက်တွန်းပါသည်။

-------------- ---------------
မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ
မြန်မာဂျာနယ်လစ်ကွန်ရက်
Pen Myanmar
အဘ ဥက္ကာကိုကို

No comments:

Post a Comment

My Blog List