Thursday, February 06, 2014

စည်းကမ်းမဲ့ ရပ်နားထားမှုကြောင့် ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေးယူခံရပြီး လာရောက်ဖြေရှင်းခြင်း မရှိသည့် ယာဉ်ပိုင်ရှင်များရှိနေ



ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့စွာ ရပ်နားထားသော မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့် ဖယ်ရှားအရေးယူရာတွင် ယာဉ်ပိုင်ရှင်အချို့မှာ လာရောက်ဖြေရှင်းခြင်း မရှိမှုကြောင့် အဆိုပါယာဉ်ပိုင်ရှင်များကိုအကြောင်းကြားသွားမည်ဖြစ်ကြောင်း 
အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် စည်းကမ်းမဲ့စွာ ရပ်နားနေသော မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့် တိုးမြှင့်ဖမ်းဆီး အရေးယူနိုင်ရန် ကရိန်းယာဉ်များ ထပ်မံဝယ်ယူ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါစီမံချက် စတင်သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ယာဉ်အစီးရေ ၄၀၀၀ ကျော်အား ဖယ်ရှားအရေးယူခဲ့ကြောင်း သိရှိရသည်။

“ယာဉ်မရပ်ရလမ်းတွေ သတ်မှတ်ထားတယ်။ ဒါကိုစည်းကမ်းလိုက်နာမှုမရှိဘဲ ရပ်နေတဲ့ယာဉ်တွေကို ကရိန်းတွေနဲ့ ဖယ်ရှားအရေးယူ ခံရတဲ့ယာဉ်တွေ အများအပြားရှိတယ်။ အချို့ယာဉ်ပိုင်ရှင်တွေဆိုရင် လာရောက်ဖြေရှင်းခြင်း မရှိတာတွေလည်း တွေ့ရတယ်။ ဒါကြောင့် ယာဉ်ပိုင်ရှင်တွေထံကို တာဝန်ရှိသူတွေ အနေနဲ့ လာရောက်ဖြေရှင်းဖို့ အကြောင်းကြားစာတွေ ပို့သွားပါမယ်။ လာရောက်ဖြေရှင်းခြင်း မရှိသေးဘူး ဆိုရင်တော့ ယာဉ်သက်တမ်းတိုးတဲ့ အခါမှာ စိစစ်ပြီးတော့ အရေးယူသွားပါမယ်” ဟု အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မရပ်ရသည့်လမ်းပေါင်း ၆၇ လမ်းရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်ပွားနေသည့် နေရာများအနက် ရွှေဂုံတိုင်မီးပွိုင့်၊ ဘုရင့်နောင်၊ လှည်းတန်းလမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သည်။

ယင်းကဲ့သို့ တည်ဆောက်ပြီးစီးသည့် အခါတွင်လည်း ယခင်ကယာဉ်ကြောကျပ်တည်းမှု ဖြစ်ပွားခဲ့သည့် လမ်းကြောင်းအချို့မှာ ပိတ်ဆို့မှု လျော့နည်းသွားသော်လည်း အချို့လမ်းများတွင်မူ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိနေသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List