Wednesday, February 05, 2014

လက်ပံတောင်းဒေသတွင် မသွဲ့သွဲ့ဝင်းအပါအဝင် ဒေသခံ၇ဦး ခေတ္တထိန်းသိမ်းခံရ







စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ   လက်ပံတောင်းကြေးနီ စီမံကိန်းအတွက်မြေယာ လျော်ကြေး မယူထားသူများ၏ မြေပေါ်၌ ဖေဖော်ဝါရီလ ၅ရက် နံနက်တွင် ကုမ္ပဏီက ခြံခတ်၊ မြေညှိရာက စကာ ဝက်မှေးကျေးရွာဟောင်းက ဒေသခံများနှင့် အာဏာပိုင်များ ပဋိပက္ခဖြစ်ပြီး ဒေသခံ ၇ ဦးကို ခေတ္တ အထိန်းသိမ်း ခံခဲ့ရသည်။

ယင်းသို့ ဖမ်းဆီးထိန်းသိမ်း ခံရသူများသည် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ ကိုသိန်းနိုင်ဝင်း၊ ကိုအာနိုး၊ မစိန်၊ မဆယ်တင်နှင့် မအေးနက်တို့ဖြစ်ပြီး ၎င်းတို့ ၇ဦးကို အချုပ်ကားပေါ်တွင် ဖေဖော်ဝါရီလ ၅ရက် နံနက်က ဖမ်းဆီးခဲ့ပြီး ညနေ ၆နာရီတွင် ဒေသခံနှင့် ဒေသအာဏာပိုင်ရဲများ ညှိနှိုင်းကာ ပြန်လည် လွှတ်ပေးခဲ့သည်။

ယင်းသို့ ပြန်လွှတ်ပေးခြင်းသည် အပြည့်အဝ ပြေလည်မှု ရရှိမှု မဟုတ်ဘဲ ကုမ္ပဏီဘက်က မြေညှိခြင်း၊ ခြံခတ်ခြင်း ရှေ့တိုးလုပ်ဆောင်တိုင်း အချုပ်ကားပေါ်တွင် ဖမ်းဆီးသူ တစ်ယောက်ကို ပြန်လည် လွှတ်ပေးသည့် ပုံစံဖြင့် ၇ဦးစလုံး ပြန်လွတ်မြောက်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၅ရက်တွင် ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေး ယူမထားသည့် ဝက်မှေးရွာဟောင်း ရွာသားများ၏ လယ်မြေပေါ်တွင် မြေညှိခြင်း၊ ခြံဝန်းခတ်ခြင်းများ လုပ်မည်ဟု သတင်းရထားသဖြင့် ဝက်မှေးရွာဟောင်း ရွာသားများက ညအိပ်စောင့်ခဲ့သည်။ ၅ရက်နေ့ နံနက် ၄နာရီတွင် ကုမ္ပဏီ ဝန်ထမ်းများ ရောက်ရှိလာကာ မြေညှိခြင်း၊ ခြံခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ နှစ်ဖက် တင်းမာမှုဖြစ်ပွားခဲ့သဖြင့် စစ်ကိုင်းတိုင်း အတွင်း ရဲတပ်ရင်းနှစ်ရင်းက ရဲမှူးများအပါအဝင် ရဲအင်အား ၄၀၀ခန့် ရောက်ရှိလာပြီး ညှိနှိုင်းပေးခဲ့ရသည်။

ထိုသို့ ရဲအာဏာပိုင်များက လာရောက်ညှိနှိုင်းသော်လည်း ပြေလည်မှုမရဘဲ ရဲအာဏာပိုင်များနှင့် ဒေသခံတို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မသွဲ့သွဲ့ဝင်း အပါအဝင် ၇ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

Photo Caption>>>>>> လက်ပံတောင်းဒေသရှိ အာဏာပိုင်ရဲများက ဝက်မှေးရွာဟောင်းမှ ဒေသခံ မသွဲ့သွဲ့ဝင်းကို ဖေဖော်ဝါရီလ ၅ရက် နံနက်က ဖမ်းဆီးထိန်းသိမ်းစဉ်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List