Tuesday, February 04, 2014

၂၀၁၁ မှစ၍ ပြည်သူပိုင်မြေကွက်များ ရယူထားပြီး ပြည်သူ့ဘဏ္ဍာသို့ ပေးသွင်းရမည့် ကျပ်ဘီလျံ ၄၀၀ ကျော် ယနေ့အထိ မသွင်းသည့် လုပ်ငန်းရှင်များအား အရေးမယူဘဲ လိုက်လျောပေးထား

တစ်နိုင်ငံလုံးရှိ ပြည်သူပိုင်မြေကွက်၊ စက်ရုံ၊ အဆောက်အအုံ စုစုပေါင်း ၃၄ဝဝ ကျော်ကို လေလံတင်ခဲ့ရာ၌ အစိုးရတာဝန်ရှိသူ ရာထူးကြီးငယ်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ၎င်းတို့နှင့်ပတ်သက် ဆက်နွှယ်သော လုပ်ငန်းရှင်ကြီးငယ်များ၊ အိမ်တော်ပေါက် လုပ်ငန်းရှင်ကြီးများက နာမည်မျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် အပြိုင်အဆိုင် ရယူသွားခဲ့ကြသည်။

လေလံအောင်ရာတွင်လည်း ကောင်းပေ့ ညွန့်ပေ့ နေရာများရှိ မြေကွက်၊ စက်ရုံ၊ အဆောက်အအုံ ကြီးများကို ကွမ်းယာဆိုင်သာသာဈေး (စက်ရုံတစ်ရုံ သိန်း ၉ဝ ဈေးနှုန်းမျိုး)ဖြင့် ရရှိသွားသူများက ဒုနှင့်ဒေးရှိခဲ့သည်။

သို့သော်လည်း ပြည်သူ့ဘဏ္ဍာအဖြစ် ပြန်လည်ပေးသွင်းရမည့် လေလံတန်ဖိုးငွေ (ကွမ်းယာဆိုင်သာသာ ဈေးများ)၊ အဆိုပါ သက်သာလွန်းသည့် ဈေးပေါ်တွင် မဖြစ်မနေ ပေးဆောင်ကြရမည့် အခွန်ငွေ နှစ်ရပ်ပေါင်း ကျပ်ဘီလျံ ၄ဝဝ ကျော်ကို ယနေ့အထိ မသွင်းသေးသည့် လုပ်ငန်းရှင်များ ရှိနေပြီး ယင်းလုပ်ငန်းရှင်များကို အစိုးရကလည်း စည်းမျဉ်းအတိုင်း မလုပ်ဘဲ လိုက်လျောပေးထားသည်ဟု လွှတ်တော်ကပင် မှတ်ချက်ပြုထားသည်။

အခွင့်အရေး (၁) နည်းလမ်းစုံ အမည်စုံနှင့် မီးကုန်ယမ်းကုန်ကြဲခွင့်

နိုင်ငံတွင် ပြည်သူပိုင်အဖြစ် ရှိနေသော မြေကွက်၊ စက်ရုံ၊ လုပ်ငန်း မည်မျှရှိသည်ကို ပြည်သူတို့ ရေရေရာရာမသိမီ ၂ဝဝဝ ခုနှစ်ခန့်မှစ၍ ၂ဝ၁၁ ခုနှစ်အထိ လေလံတင်ခြင်း၊ အချို့လေလံ မခေါ်ဘဲနှင့် ရောင်းချပေးခြင်းများဖြင့် ပုဂ္ဂလိကလက်သို့ လွှဲပေးခဲ့ကြရာ လူတစ်စုမှာ နည်းစုံလမ်းစုံဖြင့် မီးကုန်ယမ်းကုန် အပြိုင်ရယူခဲ့ကြသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီ နှစ်ခုတို့မှ ရောင်းပေးခဲ့သည့် ပမာဏသည်ပင် မြေကွက်၊ စက်ရုံ၊ အဆောက်အအုံ ၃၄ဝဝ ကျော်ရှိပြီး ၂၂ဝဝ ဝန်းကျင်မှာ လေလံအောင်ကာ ပုဂ္ဂလိကလက်ဝယ် ရောက်ရှိသွားခဲ့ကြသည်။

ပြည်သူပိုင် မြေကွက်၊ စက်ရုံ၊ အဆောက် အအုံတို့ကို လေလံတင်စဉ်နှင့် ရောင်းချစဉ်က လေလံအောင်သူများ မည်၍မည်မျှဖြင့် အောင်ပြီး မအောင်သူများ အဘယ်ကြောင့် မအောင်မြင်ရခြင်းကို လေလံဆွဲသူ အများစု သိခွင့်မရဘဲ အောင်သည်၊ မအောင်သည် ဆိုသော နှစ်မျိုးသာ သိခွင့်ရခဲ့သည်။

သိခွင့်မရသည့်နောက် လေလံပွဲများအပြီး ထွက်ပေါ်လာသည့် စကားသံများက ပွဲခဖြင့် လေလံအောင်သူ (လိုချင်သည့် နေရာအတွက် ကြားခံဖြင့် ချိတ်ဆက်လေလံအောင်ခြင်း)၊  ဝိတ်သုံး လေလံအောင်သူ (ဘယ်သူ၏ သားသမီး၊ ဘယ်သူ၏ ဆွေမျိုး စသည်ဖြင့်)၊ နာမည်ခံလေလံအောင်သူ (ပါဝါကြီးသူ သားသမီး ဆွေမျိုးအချို့ အမည်ဖြင့် ပူးပေါင်းအမည်ခံ လေလံတင်ခြင်း) စသည့် နည်းလမ်းစုံ (အခြားနည်းလမ်းများစွာ ကျန်သေးသည်ဟု ဆိုခဲ့ကြသည်) သုံးကာ လေလံအောင် ကြသည်ဟု စကားသံများ ထွက်လာခဲ့သည်။

လက်တွေ့ လေလံအောင်ရာတွင် လည်းကောင်း၊ ဝယ်ယူခွင့်ရရာတွင် လည်းကောင်း လုပ်ငန်းရှင်ကြီး အချို့၏ တိုက်ရိုက်အမည်ဖြင့် စက်ရုံများစွာ၊ သားသမီး အမည်ခွဲများဖြင့် မြေကွက်များစွာ၊ အဖွဲ့အစည်း တစ်ခုတည်းဖြင့် မြေကွက် စက်ရုံများစွာ လေလံအောင်ခြင်း၊ ဝယ်ယူခွင့် ရရှိခြင်းများဖြင့် အခွင့်အရေး ရခဲ့ကြသည်။

တစ်နှစ်အတွင်း မသွင်းနိုင်လျှင် သိမ်းဆည်းရမည်ဟူသော ကတိဝန်ခံချက်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း၊ အခွန်ငွေ မပေးသွင်းခြင်း၊ ဘဏ်ချေးငွေရမှ ပေးမည်ဟူသော
အခွင့်အရေး (၂) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခွင့်

အခွင့်အရေး (၁) ဖြင့် ရသွားသူများ အပါအဝင် လေလံအောင်သူ အားလုံးသည် မိမိလေလံ အောင်ခဲ့သည့် တန်ဖိုး၏ ရာခိုင်နှုန်း ၃ဝ ကို ကနဦး ပေးသွင်းရမည်ဖြစ်ပြီး အကြောင်းကြားစာ ရသည့်နေ့မှ ခြောက်လအတွင်း နောက်ထပ် ရာခိုင်နှုန်း ၃ဝ ကို အကြေပေးသွင်း ရမည်ဖြစ်ပြီး တစ်နှစ်အတွင်း အားလုံးအကြေ ပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး ကတိဝန်ခံ ချက်တွင်လည်း လက်မှတ်ရေးထိုး ထားရသည်။

အကယ်၍ တစ်နှစ်အတွင်း အကြေမသွင်း နိုင်ပါက မြေနှင့် အဆောက်အအုံ တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမည့်အပြင် ပေးသွင်းငွေများကို ပြန်အမ်းကာ ဝယ်ယူခွင့်ကို ပယ်ဖျက်မည်ဟု စည်ကမ်းချက် သတ်မှတ်ထားသည်။

၎င်းအပြင် ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခွင့် အခွင့်အရေးဖြစ်သော မိမိလေလံ အောင်သည့်မြေကွက်၊ အဆောက်အအုံအား ဂရန်ရရှိရေး ဆောင်ရွက်ပြီး အဆိုပါဂရန်ကို ရယူကာ ဘဏ်တစ်ခုခုတွင် ပေါင်နှံ၍ ချေးငွေရယူပြီး အဆိုပါချေးငွေဖြင့် ပေးဆပ်ခွင့်ကိုလည်း ခွင့်ပြုပေးထားသည်။

အခွင့်အရေး (၃) သည်းခံနိုင်စွမ်းလည်းရှိသည်    

အခွင့်အရေး (၁) (၂) အပြင် ၂ဝ၁၁ ခုနှစ် ကတည်းက နောက်ဆုံးထား ပေးသွင်းရမည့် မြေကွက်တန်ဖိုး အပါအဝင် မြေကွက်နှင့် အဆောက်အအုံ ၁၃ ခုအတွက် ပေးသွင်းရမည့် ကျပ် ၂၃ ဘီလျံကျော်ကို ၂ဝ၁၃ နှစ်ကုန်ပိုင်းအထိ ပေးသွင်းခြင်း မရှိသေးကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခင်အစိုးရ လက်ထက်မှစ၍ ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံ ၂၂ဝဝ ကျော်ကို ပုဂ္ဂလိကသို့ ရောင်းချရာတွင် စုစုပေါင်း ကျပ် ၁၂၆ဝ ဘီလျံကျော်သာ ရရှိခဲ့သည်။

အဆိုပါ ရောင်းချမှုမှရငွေ ၁၂၆ဝ ဘီလျံ ပေါ်တွင် ဝင်ငွေခွန်/အမြတ်ခွန်နှင့် တံဆိပ်ခေါင်းခွန် စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကောက်ခံရမည်ဖြစ်ရာ စုစုပေါင်း အခွန်ငွေကျပ် ဘီလျံ  ၄၆ဝ ကျော်အထိ ရရှိရမည်ဖြစ်သည်။

သို့သော် လွှတ်တော်၏ အစီရင်ခံစာအရ ကောက်ခံရရှိသည့် အခွန်ငွေ ပမာဏမှာ ကျပ် ၂၂ ဘီလျံ နီးပါးသာ ရရှိသေးသည့် အတွက် အခွန်တစ်မျိုးတည်းပင် ကျပ်ဘီလျံ ၄ဝဝ ကျော် မပေးသွင်းဘဲ နေကြခြင်းဖြစ်သည်။

၂ဝ၁၁ ခုနှစ်ကတည်းက ပေးသွင်းရမည့် ငွေများကိုလည်း သတ်မှတ်ရက်ထက် တစ်နှစ်၊ နှစ်နှစ်ကျော်သည်အထိ စည်းကမ်းချက် ဖောက်ဖျက်ကာ မပေးသွင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ငွေ ကျပ်ဘီလျံပေါင်း များစွာကိုလည်း ယနေ့အထိ မပေးသွင်းသူများ ရှိနေသော်လည်း တင်းကျပ်စွာတောင်းခံ ခြင်းပြုသည်ကို မတွေ့ရဘဲ နှိုးဆော်စာဖြင့်သာ တောင်းသည်ဟု ကြားခဲ့ရသည်။

တစ်နှစ်အတွင်း မသွင်းနိုင်လျှင် သိမ်းဆည်းရမည်ဟူသော ကတိဝန်ခံချက်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း၊ အခွန်ငွေ မပေးသွင်းခြင်း၊ ဘဏ်ချေးငွေရမှ ပေးမည်ဟူသော အရပ်စကား သာသာဖြင့် ဆင်ခြေပေးနေသူများအပေါ် ယခုအထိ အရေးယူခြင်း၊ ပြည်သူပိုင် မြေကွက်များ ပြန်သိမ်းယူခြင်းမရှိသည့် အတွက်လည်း လိုက်လျောနိုင်စွမ်း၊ သည်းခံနိုင်စွမ်း ကောင်းသည့် အစိုးရဟူ၍ပင် သတ်မှတ်ရမလို ဖြစ်နေသည်။

အပြုသဘောဖြင့် ဝေဖန်ပါ သဘောကောင်းသော အစိုးရဖြစ်ပါသည်

အစိုးရအဆက်ဆက် အပြုသဘောဆောင်၍ ဝေဖန်နိုင်ကြောင်း၊ ထောက်ပြနိုင်ကြောင်း ပြောကြားခဲ့ကြရာ ယခုကဲ့သို့ သဘောကောင်းသည့် အစိုးရအပေါ် အပြုသဘောဆောင်၍ ဝေဖန်ရလျှင် ပြည်သူ့ဝန်ထုပ် ဝန်ပိုးဖြစ်မည့် လျှပ်စစ်မီတာခ တိုးလိုက်ခြင်းမျိုး မပြုဘဲ ယခုကဲ့သို့ ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ခွင့် ရသူများထံမှ ရရန်ရှိသည့် ကျပ်ဘီလျံ ၄ဝဝ ကျော်၊ ကုမ္ပဏီကြီး တစ်ခုမှ ပြည်သူ့ဘဏ္ဍာထဲမှ ထုတ်ချေးသုံးစွဲထားပြီး နိုင်ငံတော်သို့ အချိန်မီ ပြန်မဆပ်သေးသည့် နိုင်ငံခြားငွေ ဒေါ်လာသန်း ၂ဝ ကဲ့သို့သော နိုင်ငံတော် နစ်နာမှုများကို အတိအကျ တောင်းခံခြင်း၊ စည်းမျဉ်းစည်းကမ်းအတိုင်း ပြည်သူပိုင်အဖြစ် ပြန်လည်သိမ်းယူခြင်းများ ပြုသင့်သည်ဟုသာ တိုက်တွန်းရမည် ဖြစ်သည်။

တစ်ဖက်စောင်းနင်း သဘောကောင်းနေပါက လူတစ်စုသာ ကောင်းစားပြီးရင်း ကောင်းစားပြီး ပြည်သူ အများစုမှာ နိမ့်ပါးမြဲ နိမ့်ပါးနေမည်သာဖြစ်ပြီး လူချမ်းသာနှင့် လူဆင်းရဲ လူတန်းစား နှစ်ရပ်သာ ပေါ်ထွက် လာဖွယ် ရှိနေသည်။

Eleven Media Group

No comments:

Post a Comment

My Blog List