Tuesday, February 04, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များမှာ နိုင်ငံရေးသမားများ၏ ဂုဏ်သိက္ခာကို ထိခိုက်မှုများ ရှိနေသဖြင့် ၀န်ကြီးအား အရေးယူပေးပါရန် နိုင်ငံရေးသမားအချို့ ဆန္ဒထုတ်ဖော်


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ လူထုနှင့် တွေ့ဆုံစဉ် ပြောကြားချက်များမှာ နိုင်ငံရေးသမားများ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာမှုများ ရှိနေသဖြင့် အစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စုဝန်ကြီး တစ်ဦး၌ ရှိသင့်ရှိထိုက်သော အပြုအမူများ မရှိသည့် ဝန်ကြီးကို အရေးယူပေးရန် နိုင်ငံရေးသမားအချို့မှ ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ ဗန္ဓုလပန်းခြံ အနီး၌ ပြုလုပ်ခဲ့သည်။

“ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တစ်ခုကို သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်ရတယ်လို့ သိရတယ်။ အဲဒီအတွက်ကြောင့် ဒေသခံ ပြည်သူတွေက ဒေသရဲ့လိုအပ်ချက်ကို တောင်းခံတယ်။ ရေလိုအပ်လို့ အဝီစိတွင်းတူးပေးဖို့ တောင်းဆိုတယ်။ အဲဒါကို သူတို့လုပ်ပေးတာကိုယူ အတွန့်တက်ပြီး မတောင်းဆိုနဲ့၊ အာ-မခံနဲ့ ထောင်ချပစ်မယ်။ ဗိုလ်ချုပ်အုန်းမြင့် နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဆဲဆိုမှုတွေ ပြုလုပ်တယ်။ ဝန်ကြီးတစ်ယောက် အနေနဲ့ ပြည်သူတွေပေးတဲ့ လစာကိုယူပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်ရမှာပါ။ ဒီလိုပြောဆိုမှုတွေက ဝန်ကြီးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း လက္ခဏာတွေ မဟုတ်ပါဘူး။ ပြီးတော့ နိုင်ငံရေး သမားတွေကို ပုတ်ခတ်ပြောဆိုမှုတွေလည်းပါတယ်။ ဒီလိုဝန်ကြီး တစ်ယောက်အနေနဲ့ ပြောဆိုခဲ့တာတွေကို နိုင်ငံတော် သမ္မတအနေနဲ့ အရေးယူပိုင်ခွင့် ရှိပါတယ်။ နိုင်ငံတော်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန် အာဏာရှင်ဆန်ဆန် ပြုလုပ်နေတဲ့ ဝန်ကြီးကို တာဝန်ရှိ အကြီးအကဲတွေ အနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဦးသန်းဆွေက ပြောကြားသည်။

ယင်းသို့ ဆန္ဒပြရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုမိန့်ရယူခြင်းမရှိဘဲ ဆန္ဒပြသည့် အတွက် ကျောက်တံတား ရဲစခန်းမှ ခွင့်ပြုမိန့်ယူပြီး ပြုလုပ်ရန် ပြောကြားခဲ့ပြီး ခွင့်ပြုမိန့်မရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု လာရောက် ပြောကြားသည်။

ထို့ပြင် ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒီမိုကရေစီအင်အားစုမှ ဦးဘဦးက “အခု ပြည် ထောင်စုဝန်ကြီး ပြောခဲ့တဲ့ စကားတွေကို နိုင်ငံရေးသမားတွေ အနေနဲ့ မကျေနပ်လို့ သူပြောတဲ့အတိုင်း ပါးရိုက်ခံနိုင်လို့ စောင့်နေတယ်။ သူ့စကားအတိုင်း ပြုမူနိုင်မလား စောင့်နေတယ်။ ဝန်ကြီးတစ်ယောက် အနေနဲ့ ပြည်သူတွေကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခဲ့တဲ့ အကျိုးဆက်ကတော့ လက်ရှိအစိုးရ အုပ်ချုပ်မှု သမိုင်းမှာ ယဉ်ကျေးမှုမရှိတဲ့ဝန်ကြီး ဖြစ်သွားပါပြီ။ အခုလို နိုင်ငံရေးသမားတွေကို ပုတ်ခတ်စော်ကားတဲ့ ဝန်ကြီးကို မခံနိုင်လို့ ကိုယ့်ပါးကိုယ် အရိုက်ခံပြီး ဆန္ဒပြတာကို ခွင့်ပြုချက်ရယူပြီးမှ လုပ်ရမယ်ဆိုတော့ လုံးဝခွင့်ပြုချက် မယူနိုင်ပါဘူး။ ဥပဒေ အရ ရင်ဆိုင်သွားမှာပါ”ဟု ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည့် ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေး အကျဉ်းသားအချို့နှင့် ဦးနေမျိုးဇင် ဦးဆောင်သည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်တို့မှ စုစုပေါင်း လူ ၅ဝ ဝန်းကျင်ဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List