Monday, February 03, 2014

ရွေးကောက်ပွဲများကို နှောင့်ယှက်သည့် အတိုက်အခံများကို ယင်လက်ခ်ဝေဖန်


ထိုင်းရွေးကောက်ပွဲ ကော်မတီ၏ အဆိုအရ အတိုက်အခံတို့၏ နှောင့်ယှက်မှုများသည် မဲပေးခွင့်ရှိသူ (၆)သန်းသို့ သက်ရောက်ခဲ့ကြောင်း သိရှိရပြီး မဲရုံများ အားလုံး၏ (၈၉)ရာခိုင်နှုန်းမှာမူ အဆင်ပြေပြေ ချောချောမောမော လည်ပတ်နိုင်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြ

ထိုင်းနိုင်ငံ၊ ရွေးကောက်ပွဲကို နှောင့်ယှက်သည့် အတိုက်အခံများကို ယင်လက်ခ်က ဒီမိုကရေစီကို နှောင့်ယှက်သူများဟု ရည်ရွယ်ပြစ်တင်လိုက်သည်။ ဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာ အနေဖြင့် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကြိုတင် ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့်တိုင် အတိုက်အခံ ဆန္ဒပြသူများက ဘန်ကောက်မြို့တော်ရှိ အချို့သော အစိတ်အပိုင်းများကို ပိတ်ဆို့ထားပြီး မြို့တော်တောင်ပိုင်း မဲရုံများတွင်လည်း အင်အားသုံး တားဆီးမှုများ ပြုလုပ်ခဲ့သည်။ အတိုက်အခံတို့၏ ယင်းကဲ့သို့သော လုပ်ရပ်များကြောင့် ထိုင်းနိုင်ငံတွင် ပြည်သူသန်းနှင့်ချီ မဲပေးခွင့် မရဘဲ ရှိနေခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ယင်လက်ခ်သာ ပြန်လည်၍ အရွေးချယ် ခံရမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း အတိုက်အခံ အမတ်များ ပေါင်းစည်းလာခြင်း မရှိသော အခြေအနေတွင် ဥပဒေပြုရေးကဏ္ဍက ပြဿနာတစ်ရပ် ဖြစ်နေဖွယ်ရှိသည်။ အစိုးရကမူ ရွေးကောက်ပွဲ ပိတ်ဆို့ခံရသည့် နေရာများတွင် အလျင်စလို ပြန်လည်၍ မဲကောက်ယူရန် လိုလားနေသည်။ ထိုင်းနိုင်ငံ၏ ဥပဒေအရ လွှတ်တော်တွင်း အမတ်နေရာ (၉၅)ရာခိုင်နှုန်း မပြည့်လျှင် လွှတ်တော်သစ် အစည်းအဝေး ခေါ်ယူနိုင်ခွင့် မရှိချေ။ ယင်လက်ခ်က "တကယ်တော့ ရွေးကောက်ပွဲဟာ လူတွေစိတ်ထဲမှာ ဆန္ဒရှိတဲ့အတိုင်း ရှေ့ထွက်လာပြီး မဲထည့်ဖို့ အရေးအပါဆုံး အခြေအနေဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အခွင့်အလမ်းပါပဲ"ဟု ပြောကြားခဲ့သည်။ 

သူမ၏ စကားအရ ရွေးကောက်ပွဲကို တားဆီးဟန့်တားခြင်းသည် ဒီမိုကရေစီကို ပိတ်ပင်သည့် အနက်သဘောမျိုး သက်ရောက်လာသည်။ အတိုက်အခံခေါင်းဆောင် ဆူသက်ပ်သောင်ဆူဘန်ကမူ ယခုရွေးကောက်ပွဲကို ယုံကြည်မှု ရှိနေလျှင်ပင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရန် အခြေအနေသို့ ဦးတည်နိုင်မည် မဟုတ်ဟု ပြောကြားထားသည်။ ထိုင်းရွေးကောက်ပွဲ ကော်မတီ၏ အဆိုအရ အတိုက်အခံတို့၏ နှောင့်ယှက်မှုများသည် မဲပေးခွင့်ရှိသူ (၆)သန်းသို့ သက်ရောက်ခဲ့ကြောင်း သိရှိရပြီး မဲရုံများ အားလုံး၏ (၈၉)ရာခိုင်နှုန်းမှာမူ အဆင်ပြေပြေ ချောချောမောမော လည်ပတ်နိုင်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List