Wednesday, February 05, 2014

ရှေးဟောင်း သစ်သားအဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန် နည်းပညာ ကူညီမည်



ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အများအပြားတည်ရှိရာ မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သစ်သားအဆောက်အအုံ ထိန်းသိမ်းခြင်း နည်းပညာများကို ဂျပန်နိုင်ငံ အခြေစိုက် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဒါရိုက်တာ Mr.Kamei က ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် ပြည်တွင်းပညာရှင်များကိုလည်း ဂျပန်နိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းခြင်း လုပ်ငန်းများ လေ့လာရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး လက်ရှိ ဂျပန်နိုင်ငံ အခြေစိုက် အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အင်ဂျင်နီယာ များကို မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သစ်သား အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်း ဖွင့်လှစ်ပေးနေကြောင်း မန္တလေးတိုင်း ဒေသကြီး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါသင်တန်းတွင် ရှေးဟောင်း သစ်သားအဆောက်အအုံများ ထိန်းသိမ်းခြင်းနှင့် အင်းဝ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ဗားကရာကျောင်းတိုက်တွင် လက်တွေ့ မှတ်တမ်းရေးသားခြင်း၊ တိုင်းတာခြင်း၊ အဆောက်အအုံ ဒီဇိုင်းများ ရေးဆွဲခြင်း တို့ကို စာတွေ့လက်တွေ့ သင်ကြားပေးနေကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"သူတို့ ဂျပန်အဖွဲ့က အာရှဒေသ အတွင်းက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သစ်သား အဆောက်အအုံတွေ ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းတွေကို သုံးနှစ်တာ စီမံကိန်းနဲ့ နိုင်ငံတွေလှည့်ပြီး ပို့ချပေးနေတာပါ" ဟု ၄င်းကထပ်မံဆိုသည်။

ယင်းသင်တန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ အင်ဂျင်နီယာ ၁၁ ဦး တက်ရောက် သင်ကြားလျက်ရှိကာ သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သင်တန်းစတင် ဖွင့်လှစ်ခဲ့သည်။

"ဒီမှာလက်ရှိ ထိန်းသိမ်းခြင်း နည်းပညာတွေက သူတို့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ထိန်းသိမ်းခြင်း နည်းပညာတွေကို လိုက်မီဖို့ လိုသေးတယ်။ အခု သူတို့အဖွဲ့က အဆင့်မြင့် နည်းပညာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်းတွေကို ပို့ချပေးမယ်ဆိုတော့ ပညာလည်း တော်တော်ရကြမယ် ထင်ပါတယ်"ဟု မန္တလေးမြို့တော်ရှိ ရှေးဟောင်း ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List