Wednesday, February 05, 2014

ထိုင်းတွင် စစ်တပ်အာဏာ သိမ်းနိုင်သည်ဟု အမေရိကန်သတိပေး


ထိုင်းနိုင်ငံတွင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး မြို့တော်ဘန်ကောက်တွင် အစိုးရကို ဆန့်ကျင် သော ဆန္ဒပြသမားများက ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကြေညာခဲ့ပြီးနောက် စစ်တပ်က အာဏာ သိမ်းမှုများအတွက် ခြေလှမ်းပြင်ဆင်နေခြင်းများကို အမေရိကန်အစိုးရက သတိပေးလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက် အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် ၀န်ကြီးချုပ်ယင်လပ် ပြုတ်ကျရေး ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဟု ခေါင်းမာသောဆန္ဒပြသမားများက ပြောဆိုလိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင် စုကလည်း နှစ်ခြမ်းကွဲနေသော နိုင်ငံ၏ ဒီမိုကရေစီသည် နိုင်ငံရေး တင်းမာမှုများကြောင့် ခြိမ်းခြောက်ခံ နေရကြောင်း အမေရိကန်က ထုတ်ဖော်ပြောကြားခဲ့သည်။

အတိုက်အခံများ၏ နှောင့်ယှက်မှုကို ခံခဲ့ရသော ရွေးကောက်ပွဲများသည် အခြားသော နိုင်ငံရေးမရေရာမှု များကို ဆောင်ကျဉ်းလာခဲ့ပြီ ဖြစ်သည်။ ထို မရေရာမှုကြောင့် အစိုးရသည် တရားလွှတ်တော်၏ အဆုံး အဖြတ် သို့မဟုတ် စစ်တပ်မှ အာဏာသိမ်းယူမှု အန္တရာယ်ကို ရင်ဆိုင်ရမည့် အလားအလာ ပိုမို ရင်ဆိုင် လာရနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ဆိုသည်။

စစ်တပ်မှ အာဏာသိမ်းခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းများကို မိမိတို့အနေဖြင့် အလျဉ်းမမြင်တွေ့လို ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂျဲန်ဆာကီက ဆိုသည်။

နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ဒီမိုကရေစီနည်းလမ်းများ သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖြေရှင်းကြရန် အရေးကြီးကြောင်း အမေရိကန်အနေဖြင့် ထိုင်း လူ့အသိုင်းအ၀ိုင်းမှ သက်ဆိုင်သူအား လုံးကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုကြောင်း ဆာကီက ထည့်သွင်းပြောကြားသွားခဲ့သည်။

ထိုင်းနိုင်ငံ၏ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို တော်တော်နှင့် အဆုံးသတ်နိုင်လိမ့်ဦးမည် မဟုတ်ဘဲ၊ အာဏာရပါတီသည် ရွေးကောက်ပွဲနှင့် ဆက်စပ်သော စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး ထို ရွေးကောက်ပွဲများကို အတိုက်အခံ ဒီမိုကရက်ပါတီနှင့်ယင်လပ်ကို ဥပဒေဘောင်အတွင်းမှ ဆန့်ကျင်လှုပ် ရှားနေသော အခြား အဖွဲ့အစည်းများက သပိတ်မှောက်ထားခဲ့သည်။

ဝန်ကြီးချုပ်ယင်လပ်သည် သူမအစ်ကို ဖြစ်သူသက်ဆင်၏ ရုပ်သေးရုပ်သက်သက် ဖြစ်ကြောင်း ၀န်ကြီး ချုပ်၏ အတိုက်အခံများက ဆိုသည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဖြုတ်ချ ခံခဲ့ရပြီးနောက် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူဖြစ်ပြီး ထိုပြစ်ဒဏ်ကို ရှောင်ရှားရန် ဒူဘိုင်းတွင် ခိုလှုံနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List