Wednesday, February 05, 2014

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ သေဆုံးမှုအပေါ် တရားရုံးမှ သေမှုသေခင်းဖြင့် အမိန့်ချမှတ်ခဲ့ခြင်းကို ပြန်လည်ပြင်ဆင် စစ်ဆေးပေးရန် မိဘများက ဆက်လက်လျှောက် ထားမည်




၂၀၁၃ခုနှစ် ဧပြီလအတွင်း အင်းစိန် အနောက်ရွာမချောင်းအတွင်း သေဆုံးခဲ့သော ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ သေဆုံးမှုနှင့်ပတ်သက်၍ မိခင်ဖြစ်သူနှင့် ကျောင်းသား သမဂ္ဂအဖွဲ့များမှ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀နာရီတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မိခင်ဖြစ်သူမှ သမီးဖြစ်သူ မနော်မေသူသူဇော် သေဆုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး တရားရင်ဆိုင်ရာတွင် အင်းစိန်မြို့နယ်တရားရုံးက သေမှုသေခင်းဖြင့် ချမှတ်ခြင်းကို ကျေနပ်မှုမရှိကြောင်း၊ သမီးဖြစ်သူ၏အမှုကို တရားရုံးမှ ပြန်လည်ပြင်ဆင် စစ်ဆေးပေးစေချင်ကြောင်း၊ ပြင်ဆင်စစ်ဆေး ပေးဖို့အတွက်လည်း တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်နော်မယ်စေးက မီဒီယာ များသို့ ပြောကြားခဲ့သည်။

"သမီးလေး နော်မေသူသူဇော် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မြို့နယ်တရားရုံးက သေမှုသေခင်းနဲ့ပဲ သေဆုံးခြင်းဖြစ်တယ်လို့ အမိန့်ချမှတ်ခဲ့တာကို ကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားရင်ဆိုင် တဲ့အခါ လာရောက်ထွက်ဆိုတဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ တစ်ဦးနဲ့တစ်ဦးမတူဘဲ ကွဲလွဲမှုတွေ ရှိနေပါတယ်။ သေမှုသေခင်းနဲ့ တရားရုံးတင်တဲ့အခါကျတော့ ကျွန်မတို့မှာ ရှေ့နေငှားရမ်းလို့မရပါဘူး။ သမီးလေးသေဆုံးခဲ့တာဟာ ဘာဒဏ်ရာဒဏ်ချက်မှမရှိဘဲ ရိုးရိုးရေနစ်သေဆုံးတာလို့ မှုခင်းဆရာဝန်ဆေးစစ်ချက် ထွက်ပေမဲ့လည်း သေဆုံးနေရာရဲ့ အုပ်ချုပ်ရေးမှူးဆီက ကျွန်မရတဲ့ဓာတ်ပုံထဲမှာတော့ သမီးလေးရဲ့ နှုတ်ခမ်း၊ ကျောနဲ့ တခြားနေရာတွေမှာလည်း ဒဏ်ရာတွေရှိတာကို တွေ့ရပါတယ်။ ဆယ်ခဲ့တဲ့ သူတွေပြောတာလည်း သမီးလေးကိုတွေ့တုန်းက အသားက လောလောလတ်လတ်ပဲ ရှိသေးတယ်။ မိတ်ကပ်တွေတောင် ကျန်သေးတယ်လို့ ပြောပါတယ်။ သမီးလေးမှာ မိသားစုရဲ့စီးပွားရေး၊ လူမှုရေးပြဿနာ ဘာတစ်ခုမှမရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သမီးလေးသေဆုံးမှု အမှန်တရားအတိုင်းပေါ်အောင် ၈၈ မျိုးဆက်အဖွဲ့အစည်းက ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ပူးပေါင်းပြီး တရားရုံးချမှတ်ထားတဲ့အမိန့်ကို ပြင်ဆင်ခွင့် တက်သွားမှာပါ" ဟု သေဆုံးသူမိန်းကလေး၏ မိခင်ဖြစ်သူ ဒေါ်နော်မယ်စေးက ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်တရားရုံးက သာမန်ရေနစ် သေဆုံးမှုသာဖြစ်သည်ဟု ၂၀၁၃ စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း မိခင်ဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ သေဆုံးခဲ့သူ မနော်မေသူသူဇော်သည် ၂၀၁၃ခုနှစ် ဧပြီ ၁၉ ရက်က သူငယ်ချင်းမွေးနေ့ရှိသည်ဟုဆိုကာ ကျောင်းတက်စဉ် ခဏနေထိုင်သည့် မရမ်းကုန်းမြို့နယ်ရှိ အဒေါ်ဖြစ်သူနေအိမ်မှ ထွက်သွားခဲ့ကာ ချစ်သူဖြစ်သူနှင့် လည်ပတ်ခဲ့ပြီးနောက် ယင်းနေ့ည ၈ နာရီခွဲခန့်က စော်ဘွားကြီးကုန်းကားဂိတ်မှ မိဘနေအိမ်ဖြစ်သည့် မှော်ဘီမြို့နယ် ၀ါးနက်ချောင်းကျေးရွာအုပ်စု ရေတာရှည်ကျေးရွာသို့ ပြန်လာရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မိဘများက လူပျောက်တိုင်ကြားခဲ့ကြောင်းနှင့် အဆိုပါလူပျောက်တိုင်ကြားခဲ့သည့် ကျောင်းသူကို ဧပြီ ၂၀ ရက်က အင်းစိန်မြို့နယ်၊ အနောက်ရွာမချောင်းအတွင်း သေဆုံးလျက်ရှိသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့ကြောင်း မိခင်ဖြစ်သူ၏ ပြောပြချက်အရ သိရသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ လာရောက်ခဲ့ပြီး တိုင်းပြည်အတွက် အလားလာကောင်းသော ကျောင်းသူတစ်ဦး သေဆုံးမှုဖြစ်စဉ်ကို မှန်ကန်စွာ စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။

၂၀၁၃ခုနှစ် မေလပထမပတ်အတွင်း ထွက်ရှိခဲ့သည့် မှုခင်းဆရာဝန်ကြီး၏ ဆေးစစ်ချက်အဖြေတွင် မနော်မေသူသူဇော် သေဆုံးရခြင်းမှာ ရေနစ်ပြီး အဆုတ်ထဲရေ၀င်ကာ သေဆုံးရခြင်းဖြစ်ကြောင်း ဆေးစာထွက်ရှိခဲ့သည်။

အင်းစိန်မြို့မရဲစခန်းမှူးဖြစ်သူ ဒုရဲမှူးမောင်မောင်ဦးက "ကျွန်တော်က ဒီအမှုကို ကိုင်တွယ်စစ်ဆေးခဲ့တာမဟုတ်လို့ သေသေချာချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ဒီအမှုကို သေမှုသေခင်းနဲ့ ဖွင့်စစ်ဆေးပြီး တရားရုံးကို တင်ခဲ့ပါတယ်"ဟု ဖေဖော်ဝါရီ ၄ရက် ညနေပိုင်းက ပြောကြားခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List