Monday, November 02, 2015

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုချိန်တွင် မိုင်းရှူးဒေသ၌ SSPP/SSA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသဖြင့် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် ထွက်ပြေးနေကြရ


ရွေးကောက်ပွဲ ကျင်းပရန် ရှစ်ရက်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ ရက်တွင် ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက် ရှိသဖြင့် ဒေသခံများ ကြောက်လန့်တကြား နေရပ်စွန့်ခွာနေကြ ကြောင်း ဒေသခံ တိုင်းရင်းသားများက ပြောကြားသည်။
တိုက်ပွဲကြောင့် နေရပ်ရှောင် ထွက်ပြေးတိမ်းရှောင်သူပေါင်းသည် ၆၀၀၀ ကျော်ထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း၊ တောထဲတွင် ပိတ်မိနေသူများလည်း ရှိနေကြောင်း ကျားခေါင်းပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က အတည်ပြု ပြောကြားထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တပ်မတော်ကြား မိုင်းရှူးမြို့နယ် နမ့်ပူရွာ အနီးတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီခွဲမှ စ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း SSPP/SSA တပ်ဖွဲ့ထံမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောကြားသည်။ တိုက်ပွဲများသည် နှစ်ဖက်ထိပ်တိုက်တွေ့ဆုံ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခင်နေရာဟောင်းဖြစ်သော တာဆန်းဖူးနေရာ၊ နမ့်ပန်ချောင်း အနောက်ဘက်ခြမ်း၊ မိုင်းကောဝ်၊ မိုင်းနောက် အရှေ့ဘက်ခြမ်းတို့ရှိ နမ့်ပူးရွာ၊ နမ့်ပန်ကုန်းရွာကြားတွင် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီအထိ ဖြစ်ပွားနေဆဲဟု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲ။ နှစ်ဖက် အပြန်အလှန် တွေ့တာ နေ့ခင်းပိုင်းပေါ့။ တာဆန် ဖူးနားတစ်ဝိုက်၊ နမ့်ပူးရွာ၊ နမ့်ပန်ကုန်းရွာ တစ်ဝိုက်မှာပေါ့။ နမ့်ပန်ချောင်း အနောက်ဘက်ပေါ့။ မိုင်းနောင် အရှေ့ဘက်ခြမ်းမှာ ဖြစ်နေတာပေါ့။ ဒါတွေက အစိုးရအပေါ် မူတည်တာပေါ့။ ကျွန်တော်တို့က စတိုက်တာ မဟုတ်ဘူး။ သူတို့က စတိုက်တာ။ သူတို့ နယ်မြေကျူးကျော်လာရင်၊ လာပစ်ရင်တော့ ကျွန်တော်တို့လည်း ပြန်လည်တုံ့ပြန် ခုခံသွားရမှာပဲ” ဟု SSPP/SSA တပ်ဖွဲ့ထံမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောကြားသည်။

မိုင်းရှူး၊ ဟိုက်ပါ၊ ၀မ်ဆော့နှင့် မိုင်းနောင်တို့တွင် စစ်ဘေးရှောင် ထောင်ပေါင်းများစွာ ပုန်းခိုနေရကြောင်း ၎င်းက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီကလည်း မိုင်းရှူးမြို့နယ် မိုင်းအတ်ရွာ တောင်ဘက်တွင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားကြောင်း ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နှစ်ဖက် အကျအဆုံးများရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်မှ စတင်ပြီး တိုက်ခိုက်နေသည်မှာ တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူးတစ်ဝိုက်ရှိ ကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည်များမှာ ဒေသခံ ၆၀၀၀ ကျော်သွားပြီဟု သိရသည်။

“တိုက်ပွဲတွေကတော့ နေ့တိုင်း ဖြစ်နေတာပဲ။ ဒီနေ့ ၀မ်ဆော့၊ ဟိုက်ပါရွာကနေ ပြန်လာတော့ လမ်းမှာ ရှမ်းတပ်ဖွဲ့ကနေ SSPP/SSA တပ်ဘက်က စစ်ကြောင်းနေရာ ယူထားတယ်။ လွယ်တန်း၊ လွယ်ခမ်းဘက်မှာပေါ့။ သူတို့ လမ်းကြောင်းယူထားတာပေါ့။ ဒီကနေ ၀မ်ဟိုင်းကို ၁၆ မိုင်လောက်ပဲဝေးတယ်။ နမ့်ပူဘက်ကိုတော့ မိုင် ၂၀ လောက်ဝေးတယ်။ နမ့်ပူဘက်မှာ ဒီနေ့ မနက်ဖြစ်တယ်လို့ သိရတယ်” ဟု မိုင်းရှူးဒေသခံ စိုင်းမိန်းက ပြောကြားသည်။

စည်သာ (တောင်ကြီး)
Eleven Media Group

No comments:

Post a Comment

My Blog List