Monday, November 02, 2015

ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျမှု IS တို့က မိမိတို့လက်ချက်ဟု ပြောကြားချက် ရုရှား လက်မခံ


စနေနေ့က အီဂျစ်တွင် ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျခဲ့မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေညာခဲ့သော်လည်း ယင်းကြေညာချက်ကို ရုရှားအာဏာပိုင်များက လက်မခံခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ရုရှားလေကြောင်းလိုင်း Kogalymavia ပိုင် A321 အမျိုးအစားလေယာဉ် သည် စနေနေ့ နံနက်အစောပိုင်းက အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိခ်မှ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်သို့ ပျံသန်းစဉ် ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါသူ ၂၂၄ ဦးစလုံး သေဆုံးသွားခဲ့သည်။

ယခုအခါတွင် ရုရှားတာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင် သောအဖွဲ့သည် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းဖော် ထုတ်ရန် အီဂျစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး IS အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံအဖွဲ့ တစ်ဖွဲ့ဖြစ်သော အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် အခြေစိုက်သည့် အကြမ်းဖက်အဖွဲ့က ဆီးရီးယားတွင် IS အဖွဲ့ကို ရုရှားက လေကြောင်းမှ ထိုးစစ်ဆင်နေခြင်းကို လက်တုံ့ပြန်သည့် အနေနှင့် ၎င်းတို့က ရုရှားခရီးသည်လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။

သို့ရာတွင် ယင်းကြေညာချက်မှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ရုရှားသယ်ယူ ပို့ဆောင်ရေး ဝန်ကြီး မက်ဇင်းဆိုကိုလော့ဗ်က ပြောကြားခဲ့သည်။

အီဂျစ်ဝန်ကြီးချုပ် ရှရစ်ဖ်အစ္စမေးလ်ကလည်း စနေနေ့က ရုရှားခရီးသည် တင် လေယာဉ်ပျက်ရာတွင် ပုံစံမမှန်သည့် လုပ်ဆောင်မှု တစ်ခုခု ဖြစ်ပွား ခဲ့ခြင်းမျိုး မတွေ့ရကြောင်း၊ သို့သော် အသေးစိတ် အချက်အလက်များကိုမူ စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ပြီးမှသာ ရှင်းရှင်းလင်းလင်း သိရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၂၄ ဦးအနက်မှ ၁၆၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားပြီ ဖြစ်ပြီး လေယာဉ်ပျက်သည့်နေရာ အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ထားသည်။

တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာသို့ ရုရှားကျွမ်းကျင်သူများပါ ရောက်ရှိနေခဲ့ကာ အလောင်းများကို ရှာဖွေရာတွင် ကူညီ လုပ်ဆောင်လျက် ရှိသလို စုံစမ်းစစ်ဆေးမှုများလည်း လုပ်ဆောင် လျက်ရှိသည်။

ရုရှားကျွမ်းကျင်သူများသည် လေယာဉ်အပျက်အစီး အပိုင်းအစများကို စစ်ဆေးလျက်ရှိပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် အဓိကအရေးကြီးသည့် Black boxes နှစ်ခုလုံးကိုလည်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်သဖြင့် မကြာမီ ဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List