Friday, November 06, 2015

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထား သလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရွေးကောက်ပွဲ ကျင်းပရန် နှစ်ရက်အလို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ၌ နိုဝင်ဘာ ၅ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်မရခဲ့ပါက မည်သို့ဆောင်ရွက်ရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ “ကျွန်မ အမြဲပြောတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အကောင်းဆုံးအတွက် မျှော်လင့်ရ မယ်။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရမယ်။ ကျွန်မတို့ဟာ အနှစ်သုံးဆယ်နီး ပါး  အဆိုးဆုံးတွေလည်း ရင်ဆိုင်ခဲ့ပြီးပါပြီ။ ဒါတွေကတော့ မရိုးပါဘူး။ ဒါ မဆန်းပါဘူး။ ရိုးနေပါပြီ။ ဒီကိစ္စတွေကိုလည်း ကျွန်မတို့ ကိုင်တွယ်နိုင်ပါ တယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ အနိုင်ရရှိမည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာလွှဲပြောင်းမပေးပါက မည်သို့စီမံပြင်ဆင်ထားကြောင်း မေးမြန်းမှုအပေါ် “အရင်တုန်းကအတိုင်း ဖြစ်မယ်လို့လည်း အန်တီ မယုံပါဘူး။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ဟာ မတူပါ ဘူး။ ဥပမာဆိုလို့ရှိရင် ၂၀၁၀ နဲ့တောင် မတူပါဘူး။ အခုကြိုတင်မဲတွေ ကိစ္စဟာ ၂၀၁၀ တုန်းက ဆိုးဆိုးရွားရွားကြီး ကျယ်ကျယ်ပြန့် ပြန့်ဖြစ်ခဲ့တယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ ဘာမှမလုပ်ပါဘူး။ အခုကျတော့ ဒီဟာတွေကို ကန့်ကွက်မယ့် လူတွေရှိတယ်။ ပြည်သူတွေက လည်း ပြောရဲ ဆိုရဲလာတယ်။ အခြေအနေက လုံးဝပြောင်းသွားပါပြီ။ ၁၉၉၀ အတိုင်း ဖြစ်မယ်လို့တော့  မထင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက ရွေးကောက်ပွဲမတိုင်ခင်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းရှိဖို့။ နောက်ပြီးတော့ ရွေးကောက်ပွဲမသမာမှုတွေကို တရားဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ကတော့ အရေးကြီးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍လည်း “ဒါက ဘယ်လို ဘယ်လောက် အထိ မှားယွင်းမှုတွေရှိတယ်။ ဘယ်လိုပုံစံနဲ့ လုပ်တယ်ဆိုတာကို စောင့်ကြည့် ပြီးမှ အဖြေပေးလို့ရမှာပါ။ အခုချိန်မှာ ဘယ်လောက်အထိ မှားမလဲ ဘယ်လို လုပ်မယ်ဆိုတာကို ပြောလို့မရသေးဘူး။ ကြိုတင်မဲတွေနဲ့ပတ်သက်လို့ ၀င်လာတဲ့သတင်းတွေအထိတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဒေသဆိုင်ရာပေါ့နော် ရွေးကောက်ပွဲကော်မရှင်ရုံးတွေကနေ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ သတင်းတွေက ၀င်လာပြီ။ သက်သေအထောက်အထားတွေက လုံလောက် ပါတယ်။ ဒီကိစ္စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်သွားချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြည်သူလူထုနဲ့ တစ်စိတ်တည်း၊ တစ်ဝမ်းတည်းပါပဲ။ ရွေးကောက်ပွဲတွေကို အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်စေချင်တယ်။ 

ရွေးကောက်ပွဲတွေဖြစ်မြောက်ပြီးမှ ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်စရာလဲ၊ လက်မခံနိုင်စရာရှိလဲဆိုတာကို ကျွန်မတို့အားလုံး သိမှာပါ”ဟု ၎င်းက ပြောကြားသည်။

“တကယ်လို့များ လိမ်လည်မှုတွေ ရှိခဲ့မယ်ဆိုရင်တော့ ဒါကို ဖော်ထုတ်ပြီး ရှုတ်ချရမှာကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တာဝန်ဖြစ်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “စောစောကပြောတဲ့ အတိုင်းပဲ ကြိုတင်မဲတွေမှာ အင်မတန်မှ မသမာမှုတွေဖြစ်နေပြီး ဒီဟာ တွေကို ပြည်သူတွေ ၀ိုင်းပြီးတော့ တားဆီးပေးရမယ်”ဟု  ဒေါ်အောင်ဆန်း စုကြည် က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List