Thursday, November 05, 2015

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း


ငါးနှစ်တစ်ခါ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ် တစ်ပတ်ဝန်းကျင်သာ လိုတော့သည်။ မြင်သာသော ထောက်ခံမှု အနေအထားများအရ လွှတ်တော်သုံးရပ်ရှိ ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် နေရာများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရရန် ရေပန်းစားနေသည်။ 
ယင်းသို့ အနိုင်ရနိုင် ပါသလား။ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် ရွေးကောက်ပွဲရလဒ် အပေါ် မူတည်၍ မသမာမှု၊ အကြမ်းဖက်မှု၊ လက်မခံမှု၊ သည်းမခံမှုများ ရှိလာနိုင်ပါသလား။ ထိုသို့ စိုးရိမ်ဖွယ် ကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်
ဦးဝင်းထိန်နှင့် တွေ့ဆုံ မေးမြန်းချက်များကို ဖော်ပြအပ်ပါသည်။

Voice - ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့နဲ့ ရွေးကောက်ပွဲလွန် ကာလကို နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူအများစုက စိတ်ပူနေကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒနယ် အတော်များများမှာ အနိုင်ရသွားရင် ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကို တော်တော်လေး စိုးရိမ်နေကြပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ပြည်သူတွေကို ဦးဝင်းထိန်အနေနဲ့ ဘာများပြောချင်ပါသလဲ။

UWH - ပြည်သူလူထုတွေ စိုးရိမ်နေတယ် ဆိုတာကို ကျွန်တော်တို့လည်း သိပါတယ်။ ကျွန်တော်တို့လည်း ဒါတွေပေါ် မူတည်ပြီးမှ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစိုးရက လုပ်နေတဲ့ Election Security Operation ဆိုရင် ဦးဆောင်လုပ်တာက USIP။ အမေရိကန်အစိုးရရဲ့ International Peace Process ကနေ ခေါင်းဆောင်ပြီးတော့မှ ရဲနဲ့ ဗဟိုမှာ အဖွဲ့ဖွဲ့တယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့ ဖွဲ့တယ်။ နောက်ပြီးတော့ မြို့နယ်တွေအထိ လုပ်နေတယ်။ သူတို့ရဲ့ လုပ်ငန်းက ဘာလဲဆိုတော့ ရွေးကောက်ပွဲ ကာလမှာ လုံခြုံရေး။ အဲဒါကို ရဲနဲ့ အထူးရဲနဲ့ ပါတီနဲ့ ပေါင်းပြီးလုပ်ရတဲ့ Program။ အဲဒီမှာလည်း ကျွန်တော်တို့က ပါတယ်။

နောက်တစ်ခုက ဆွစ်ဇာလန်သံရုံးက ကြီးမှူးလုပ်တဲ့ code of conduct မှာ ကျွန်တော်တို့က ပါဝင်ပြီးတော့မှ ကိုယ့်အဖွဲ့သားတွေရော ကျန်တဲ့တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော ရွေးကောက်ပွဲ မတိုင်ခင်ကော၊ ရွေးကောက်ပွဲ ကာလမှာရော၊ ရွေးကောက်ပွဲပြီးတဲ့ အခါမှာပါ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ၊ မလိုလားအပ်တဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်မှုတွေကို ထိန်းနိုင်အောင်ဆိုပြီး ရည်ရွယ်တယ်။ NLD အနေနဲ့က ရွေးကောက်ပွဲနေ့ မဲရုံတစ်ဝိုက်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာက တစ်ချက်၊ ပတ်ဝန်းကျင်မှာလည်း မသင်္ကာစရာကောင်းတဲ့ ရွေးကောက်ပွဲ တည်ငြိမ်မှုကို ဖျက်ဆီးမယ့် အမူအရာရှိတဲ့ လူနဲ့ ဖြစ်ရပ်မှန်သမျှကို ကာကွယ်ဖို့အတွက် အစီအစဉ်တွေ လုပ်ထားတယ်။ ရွေးကောက်ပွဲကာလမှာ မမျှော်မှန်းနိုင်တဲ့ အချက်တွေကိုတော့ ကြိုတင်ပြီး မှန်းဆထားတာ ရှိပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲပြီးလို့ NLD နိုင်မယ် ဆိုရင်တော့ ခုနပြောသလို (တချို့ပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့ နိုင်မယ်ဆိုရင် ၁၉၉၀ လို အာဏာမလွှဲဘူး။ အာဏာမလွှဲရင် ပြည်သူလူထုက လက်ခံမလား။ လက်မခံရင် ဘယ်လိုအုံကြွမလဲ။ ဒါမျိုးတွေ မေးတဲ့သူတွေလည်း ရှိတယ်)

အဲဒီလို မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲမှာနိုင်မယ်။ နိုင်မယ်ဆိုရင် အစိုးရကလည်း တရားဝင်လွှဲပေးမယ်။ လွှဲပေးမယ်ဆိုရင် လွှဲပေးမယ့် အာဏာအလွှဲအပြောင်းဟာ တည်ငြိမ်မှု ရှိမလား။ အဲဒီလို မေးခွန်းတွေ ကျွန်တော်တို့ကို မေးလာတာတွေ ရှိပါတယ်။ ရွေးကောက်ပွဲပြီးလို့ ကျွန်တော်တို့နိုင်လို့ အာဏာမလွှဲဘူး ဆိုရင်တော့ ဒါကရှင်းတယ်လေ။ ပြည်သူလူထုကတော့ မကျေမနပ်ဖြစ်မှာပဲ။ ကျွန်တော်တို့ပါတီ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ချထားတဲ့မူအရ ဘာမဆို နှလုံးရည်နဲ့ပဲ ဖြေရှင်းမယ်။ အကြမ်းဖက်တာတွေ မလိုလားဘူး။ အကြမ်းဖက်မယ့် ကိစ္စမျိုး၊ ဆူဆူပူပူဖြစ်မယ့် ကိစ္စဆိုရင် တတ်နိုင်သမျှ ပညာဉာဏ်သတိနဲ့ ထိန်းပြီးတော့ ကြိုးစားဆောင်ရွက်မယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကွာသွားတာက ရွေးကောက်ပွဲ နိုင်သွားတဲ့ ပါတီကို အာဏာမလွှဲဖို့ကတော့ ဖြစ်နိုင်ဖို့ နည်းတယ်လို့ ယူဆတယ်။ ဖြစ်လာရင်တော့လည်း ကျွန်တော် ခုနပြောသလို နှလုံးရည်နဲ့ ဖြေရှင်းမယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးပန်းတိုင်ဟာ အကြမ်းဖက်တဲ့နည်းနဲ့ လုပ်တဲ့ သံသရာကို ဖျောက်ချင်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့တာ ဖြစ်တယ်။ အဲဒီတော့ အကြမ်းမဖက်တဲ့နည်းနဲ့ ပြဿနာ ဖြေရှင်းတဲ့ဟာတွေကို လုပ်မယ်။ နောက်တစ်ခုက ရွေးကောက်ပွဲပြီးလို့ အာဏာလွှဲလို့ ရှိရင်လည်း အဲဒီအာဏာလွှဲမှုဟာ တည်ငြိမ်ဖို့ဆိုတာက အခုလက်ရှိ ပြည်ခိုင်ဖြိုးပါတီလည်း အရေးကြီးသလို၊ တပ်မတော်လည်း အရေးကြီးတယ်။ ရွေးကောက်ပွဲနိုင်ပြီ ဆိုတာနဲ့ အာဏာလွှဲမယ့် ကိစ္စမရောက်ခင်မှာကို ကျွန်တော်တို့ အနေနဲ့က ပြည်ခိုင်ဖြိုးကိုရော၊ တပ်မတော်ကိုရော အကျိုးနဲ့ အကြောင်းနဲ့ အာဏာလွှဲပြောင်းဖို့အတွက် တတ်နိုင်သမျှ ချောမွေ့မှုဖြစ်အောင်၊ အထူးသဖြင့် ပြည်သူလူထု မနစ်နာအောင်၊ တိုင်းပြည်မနာအောင် လုပ်ကြစို့ဆိုတဲ့ သဘောထားနဲ့ ကျွန်တော်တို့ ကမ်းလှမ်းမှာပါ။ ခုနပြောတဲ့ ပြည်သူတွေ ပူပန်နေတာကို သိတယ်။ အဲဒီပူပန်မှုတွေကို ကျွန်တော်တို့နည်း၊ ကျွန်တော်တို့ဟန်နဲ့ တားနိုင်လို့ ရတဲ့ဟာကို တားမယ်။ တားလို့မရတဲ့ ဟာကိုလည်း ကျွန်တော်တို့ရဲ့ နှလုံးရည်နဲ့ ဖြေရှင်းမယ်။ နောက်တစ်ခုက လက်ရှိ အာဏာရ အဖွဲ့အစည်းတွေကိုလည်း တတ်နိုင်သမျှ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အာဃာတတရားကင်းကင်းနဲ့ စိတ်သဘောထား ရိုးရိုးနဲ့ ချဉ်းကပ်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်သွားမှာပါ။

Voice - ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲရွှေ့ဖို့ ခေါ်ပြောတယ်။ အန်ကယ် ဦးဝင်းထိန်က အဲဒီကိစ္စကို ကန့်ကွက်ခဲ့တယ်။ တခြားပါတီတွေက ကိုယ်စားလှယ်တွေ ကတော့ ရွေးကောက်ပွဲရွှေ့ဖို့ ထောက်ခံ ပြောဆိုခဲ့ကြတယ်လို့ မီဒီယာတွေမှာ ဖတ်ရတယ်။ နောက်ညကျတော့ သတင်းမှာ ပါလာတယ်။ ရွေးကောက်ပွဲကို မရွှေ့တော့ဘူးလို့ ပြန်ကြေညာတယ်။ အဲဒီရွေးကောက်ပွဲရွှေ့ဖို့ ခေါ်ပြောတဲ့ကိစ္စက တခြားအကြောင်းကော ရှိသေးလား။ ဘယ်လိုသုံးသပ်လဲ။

UWH - ဖြစ်နိုင်တာကတော့ အမျိုးမျိုးပါပဲ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ ရွှေ့ချင်တယ်လို့ ပြောတဲ့ဆန္ဒဟာ တစ်အချက်ကတော့ ပြည်ခိုင်ဖြိုးပါတီဟာ ရှုံးနိမ့်ဟန် ရှိတယ်လို့ သူတို့သုံးသပ်ဟန် တူတယ်။ နောက်တစ်ချက်က NLD ကနေ လုပ်နေတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေတာတွေကို တန့်သွားစေချင်တယ်။ တန့်သွားစေချင်လို့ ဒီလိုရွေးကောက်ပွဲရွှေ့ဖို့ ပြောတယ်လို့ ယူဆတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲရွှေ့ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက် ဟုတ်ချင်မှ ဟုတ်မယ်။ သမ္မတလည်း ပါနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူငယ်ချင်းတွေကိုး။ သူငယ်ချင်းလည်း ဖြစ်တယ်။ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်တယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲ ရွှေ့ချင်တယ်ဆိုတဲ့ ဆန္ဒဟာ သမ္မတလည်း သိပြီးသားလို့ ယူဆတယ်။ ဒါဟာ ဘယ်ဘက်ကပဲ ကြည့်ကြည့် ရိုးသားဖြောင့်မတ်တဲ့ ဆန္ဒမဟုတ်ဘူး ဆိုတာ ပေါ်လွင်ထင်ရှားတယ်။

Voice - အောက်တိုဘာလထဲမှာ ဒေါ်အောင်ဆန်းစုကြည် တစ်နိုင်ငံလုံးမှာ လှည့်လည် မဲဆွယ်စည်းရုံးနေတာကို မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြကြတယ်။ ဒေသခံတွေကလည်း သောင်းသောင်းဖျဖျ ကြိုဆိုကြတယ်။ အခု အောက်တိုဘာလထဲမှာပဲ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ယောက်တွဲပြီး တစ်နိုင်ငံလုံးအနှံ့ သွားလာပြီး မဲဆွယ်စည်းရုံးနေတာ ကိုလည်း အထင်အရှား တွေ့လာရတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ နှစ်စောင်ဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာဆိုရင် ‘မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင် တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်’ ဆိုပြီး ပြောင်ပြောင်တင်းတင်းကို ဖော်ပြလာတယ်။ အဲဒီသဘောထားတွေအပေါ် အန်ကယ့်အမြင်က။

UWH - They never learn ပေါ့ဗျာ။ သူတို့က သင်ခန်းစာ မယူတတ်ဘူး။ ကျွန်တော်က ဦးနုခေတ်ကို မီခဲ့တဲ့သူ။ အိမ်စောင့်အစိုးရခေတ်မှာ ရွေးကောက်ပွဲလုပ်ခဲ့တုန်း တပ်မတော်ကကော၊ တည်မြဲကရော ပြည်သူလူထုကို ရိုက်သွင်းတယ်။ အဲသလိုပဲ သတင်းစာတွေမှာ သူတို့ ဘယ်လောက် ကောင်းကြောင်း၊ ဦးနုအဖွဲ့ ဘယ်လောက်ဆိုးကြောင်း လုပ်ခဲ့တယ်။ အဲဒီအခါမှာ တန်ပြန်အနေနဲ့ ရွေးကောက်ပွဲလုပ်တဲ့ အခါမှာ ဦးနုက အပြတ်အသတ် နိုင်သွားပြီးတော့ တည်မြဲက အပြတ်အသတ် ရှုံးသွားတယ်။ ဒါတစ်ကြိမ်။

ဒုတိယတစ်ကြိမ်က ၁၉၉၀။ ၁၉၉၀ ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးတင်ဦးရောက နေအိမ်အကျယ်ချုပ် ကာလ။ အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့်က NLD က ဘယ်လိုဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြစ်တယ်။ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါ သတင်းစာရှင်းလင်းပွဲနဲ့ အပုပ်ချတယ်။ အပုပ်လည်းချပြီး၊ ရွေးကောက်ပွဲလည်း လုပ်ရော NLD က အပြတ်အသတ် နိုင်တယ်။ အဲဒီဟာကို ကြည့်ကတည်းကိုက သူတို့လုပ်သမျှကို ပြည်သူလူထုက တန်ပြန်တုံ့ပြန်တယ် ဆိုတဲ့ သဘောထားကို သူတို့က မသိဘူး။ ဒါကြောင့်မို့လည်း They never learn လို့ ကျွန်တော်က ပြောတာ။ သူတို့က သင်ခန်းစာ မယူတတ်ဘူး။ အခုလည်း အစိုးရသတင်းစာ ဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ နှစ်စောင်စလုံးက ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဖော်ပြပြီးတော့မှ ‘မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင် တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်’ လို့ မျက်နှာဖုံးတင်တယ်။ ကျန်တဲ့သူတွေကလည်း အစိမ်းရောင် ဖြစ်ရမည်လို့ ထပ်သုံးနှုန်းလာကြတယ်။

ဆိုလိုတာက သမ္မတတင်တဲ့ လိုင်းနဲ့ တခြား USDP အမတ်တွေ ပြောတာက တစ်လိုင်းထဲ ဖြစ်လာတယ်။ ဒီပုဂ္ဂိုလ်တွေ အားလုံးဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘက်မလိုက်ဘူးဆိုတဲ့ သဘောထားက မပေါ်လွင်တော့ဘူး။ ဘက်လိုက်တယ်ဆိုတဲ့ သဘောတရားက ပိုပေါ်လွင်လာတယ်။ အထူးသဖြင့် သမ္မတဦးသိန်းစိန်က သမ္မတရာထူးနဲ့ ကြံ့ခိုင်ရေး စည်းရုံးရေး လုပ်နေတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိစွန်းတယ် ဆိုတာဟာ ထင်ရှားတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို မဆုံးဖြတ်ရသေးဘူး။ ဆုံးဖြတ်ကောင်း ဆုံးဖြတ်မယ်။ လွှတ်တော်က နိုဝင်ဘာ ၁၆ ရက်နေ့ ခေါ်ပြီဆိုရင် အဲဒီမှာ အခွင့်အရေး ရကောင်းရလိမ့်မယ်။ နောက်တစ်ချက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတနဲ့ တွဲပြီးသွားခြင်းဟာ သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အတူတူပဲ ဆိုတာကို ပြည်သူလူထုကို ပြချင်တဲ့သဘော။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတနဲ့ဆိုလို့ ရှိရင် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ကာကွယ်ရေးဦးစီးချုပ်က လွှမ်းမိုးနိုင်ခွင့် ရှိတယ်။ သို့သော်လည်းပဲ တပ်ထုံးစံအရ သမ္မတက စီနီယာကျတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျူနီယာကျတယ် ဆိုတော့ အဲဒီဆက်ဆံမှုဟာ တစ်ချိန်မှာ အပေါ်ရောက်လိုက်၊ တစ်ချိန်မှာ အောက်ရောက်လိုက် ဆိုတဲ့ ဆက်ဆံမှုဆိုတော့ သူတို့နှစ်ယောက် ဆက်ဆံမှုကိုတော့ ပြောရခက်တယ်။ သို့သော် သေချာတာကတော့ သူတို့ နှစ်ယောက် ပေါင်းပြီးတော့ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်တယ်ဆိုတဲ့ သဏ္ဌာန်ရောက်နေတယ် ဆိုတာကတော့ သေချာတယ်။ အဲလိုပြောလို့ရတယ်။

Voice - ကယားပြည်နယ်ကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ နှစ်ယောက်ဟာ မဲဆွယ်တဲ့အချိန်မှာ လက်ရှိဌာနဆိုင်ရာက တာဝန်ရှိသူတွေက လိုက်လံပံ့ပိုးတယ်။ နောက် ဘောလုံးပွဲတွေ ကျင်းပပေးတယ်။ ဒီလို မဲဆွယ်တဲ့အချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေကို အသုံးချတာ၊ လက်ရှိ နိုင်ငံ့ဝန်ထမ်းတွေက လိုက်လံ ပံ့ပိုးပေးတာတွေဟာ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ အသံတွေ ထွက်လာပါတယ်။ ကယားမြေကို ကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့တ NLD CEC တစ်ယောက် အနေနဲ့ မြင်တွေ့ကြားခဲ့သမျှ ပြောပြပါဦး။

UWH - ဦးအောင်မင်းက ရှားတောကနေ ဝင်ပြိုင်မယ်။ ဦးစိုးသိန်းက ဘော်လခဲကနေ ဝင်ပြိုင်ကြတယ်။ သူတို့ နှစ်ယောက် စပြီးတော့ အဲဒီနယ်ကို ဝင်ကြတာ လွန်ခဲ့တဲ့ လေးငါးလလောက်ကတည်းက။ အဲဒီအချိန်တွေတုန်းက အဲဒီနေရာတွေမှာ ကျွန်တော်တို့ NLD က အင်မတန် အားနည်းခဲ့တယ်။ ရှင်းရှင်းပြောရရင် သူတို့အနေနဲ့ လွယ်လွယ်ကူကူနိုင်နိုင်တဲ့ အနေအထား များတာပေါ့။ သို့သော် ကျွန်တော်တို့က အားနည်းမှန်းသိလို့ အဲဒီနေရာတွေမှာ စည်းရုံးရေး ပိုလုပ်တဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ NLD ရဲ့ အင်အားက တက်လာတယ်။ အဲဒီတက်လာတာ ကိုတော့ သူတို့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒါတစ်ချက်။

နောက်တစ်ချက်က သူတို့နှစ်ယောက်စလုံးက အဲဒီနေရာတွေမှာ၊ ဥပမာဆိုရင် ဦးအောင်မင်းက ရှားတောမှာဆိုရင် သက်ဆိုင်ရာ ထွေ/အုပ်တို့ စတဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခေါ်ပြီးတော့ စည်းရုံးရေးဆင်းတယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း ဦးအောင်မင်းအတွက် မဲဆွယ်စည်းရုံးရေး စကားတွေပြောတယ်။ ဒါကို ကျွန်တော်တို့က ပြည်နယ်ကော်မရှင်ကိုရော၊ ဗဟိုကော်မရှင်ကိုရော အကြောင်းကြားထားတယ်။ ကန့်ကွက်ထားတယ်။ ဥပဒေနဲ့ငြိတဲ့ အတွက်ကြောင့်မို့ အရေးယူပေးပါလို့ တောင်းဆိုထားတယ်။ သို့သော် အဲဒါတွေနဲ့ ပတ်သက်လို့ သူတို့ ဘာမှမလုပ်ဘူး။

အလားတူပဲ ဦးစိုးသိန်းက သူ့နေရာမှာ ဘောလုံးပွဲတွေ ကျင်းပတယ်။ ငွေပေးပြီးတော့ စည်းရုံးထားတယ်။ တတ်နိုင်သမျှ အကုန်လုံးကို ဖြန့်ကျက်ပြီးတော့မှ ငွေအင်အား၊ လူအင်အားနဲ့ လုပ်ထားတယ်ဆိုတော့ သူလည်း ဥပဒေနဲ့ ငြိတာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအရသော် လည်းကောင်း။ လက်ဆောင်ပေးပြီး စည်းရုံးတာ၊ ပိုက်ဆံပေးပြီး စည်းရုံးတာဟာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာ ပါပြီးသား။ အဲဒီပါပြီးသားနဲ့ ပတ်သက်လို့ ကျွန်တော်တို့လည်း ကန့်ကွက်ထားတယ်။ သို့သော် သိတဲ့အတိုင်းပဲ။ တစ်နိုင်ငံလုံးမှာ အဲဒီလို အမှုပေါင်း ရာနဲ့ချီ ရှိတယ်။ ထိထိရောက်ရောက် အရေးယူတာ အင်မတန်နည်းတယ်။ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ မဲဆွယ်တဲ့အချိန်မှာ ဥပဒေ ချိုးဖောက်တာတွေကိုတော့ အရေးယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ကျွန်တော်တို့မှာ မှတ်တမ်းအဖြစ်နဲ့ ရှိနေတယ်။ ဒါကတော့ ဘယ်တော့မှ ပျက်ပြယ်သွားမှာ မဟုတ်ဘူး။

Voice - အန်ကယ် ဦးဝင်းထိန်ကို NLD ရဲ့ အာဏာရှင်လို့ ပြောကြတယ်။ အဲဒီလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘာများ တုံ့ပြန်ချင်ပါသလဲ။

UWH - ဟားဟားဟား ဟားဟားဟား (ရယ်လျက်)။ အာဏာရှင်လို့ ပြောတဲ့သူတွေက ကျွန်တော့်ကို မလိုလားတဲ့ သူတွေပဲ။ ဘာကြောင့်လဲဆိုတော့ တချို့ကိစ္စတွေမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရတာတွေ ရှိတယ်။ ဥပမာဆိုပါတော့ ပခုက္ကူမှာ ရှိတယ်၊ မိတ္ထီလာမှာ ရှိတယ်။ နောက်လယ်ဝေး၊ ရမည်းသင်း။ ရွေးကောက်ပွဲအကြို ကာလမှာ ကိုယ်စားလှယ်ရွေးတာနဲ့ပဲ ဖြစ်ဖြစ်၊ စည်းရုံးရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ဖြစ်လို့ရှိရင် ချက်ချင်းအရေးယူမယ်လို့ CEC က ဆုံးဖြတ်ပြီးသား။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားပြီးသား။ အဲလိုဖြစ်တဲ့အခါမှာ ကျွန်တော်က အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌအနေနဲ့ အဲဒီ Case တွေ ကျွန်တော့်ဆီ ရောက်လာတယ်။ ရောက်လာတဲ့အခါမှာ ချက်ချင်းပြုစုတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ဆီ တင်ပြတယ်။ တင်ပြတဲ့အခါ မှာ ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ် ဆိုတာနဲ့ ကျွန်တော် ချက်ချင်း အရေးယူလိုက်တယ်။

ဥပမာ- ပခုက္ကူက အဖွဲ့တွေ ထုတ်ပစ်လိုက်တယ်။ မိတ္ထီလာက အဖွဲ့တွေကို ထုတ်ပစ်လိုက်တယ်။ လယ်ဝေး၊ ရမည်းသင်းက လူတွေလည်း ထုတ်ပစ်လိုက်တယ်။ ထုတ်လိုက်တာက ကျွန်တော်က လုပ်ရတာ မှန်သော်လည်းပဲ တကယ်တော့ CEC ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာ။ တကယ်တမ်း လုပ်ရတာ ကျွန်တော်ပဲ လုပ်ရတာဆိုတော့ ကျွန်တော်ပဲ အာဏာရှင်လို့ ကျွန်တော့်ကို ထင်ကြတာ။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ တစ်ခုတော့ရှိတယ်။ ထုတ်တဲ့သူတွေ မှန်သမျှရဲ့ သက်သေခံ အထောက်အထားတွေ၊ စာတွေရှိတယ်။ ဓာတ်ပုံတွေရှိတယ်။ ဗီဒီယိုဖိုင်တွေ ရှိတယ်။ အဲဒါတွေ မခိုင်လုံဘဲနဲ့ ကျွန်တော်မလုပ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီမိုကရေစီခေတ်လေ။ မခိုင်လုံဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဒီလူကတော့ အသုံးမကျဘူး။ ထုတ်ဆိုလို့ရှိရင် အဲဒီလို အထုတ်ခံရတဲ့သူက အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြန်ပြီးတော့ စောဒကတက်ရင် ကျွန်တော်ခံရမှာ။

သို့သော်လည်း ကျွန်တော်က မမှားအောင်လို့ သူတို့ရဲ့ ကိစ္စဝိစ္စ မှန်သမျှရဲ့ အထောက်အထားတွေ အကုန်လုံးကို တင်ပြပြီးတော့မှ အရေးယူဖို့ ဆုံးဖြတ်ကြတာ။ အာဏာရှင်ဆိုတာ အရေးယူခံရတဲ့ သူတွေဆီကများ ထွက်လာသလား (သို့) သူတို့နဲ့နွယ်တဲ့ သူတွေဆီကပဲ ထွက်လာသလား ဒီသဘောပဲ စဉ်းစားလို့ ရပါတယ်။

Voice - ၁၉၉၀ မှာ NLD က ရွေးကောက်ပွဲဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်က တော်တော်လေး များခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တော်တော်လေးကို နည်းသွားတာ တွေ့ရပါတယ်။ ဘာ့ကြောင့်လို့ အန်ကယ်ထင်လဲဗျ။

UWH - ၁၉၈၈ မှာ NLD စဖွဲ့တော့ ‘အောင်စုတင်’ လေ။ ဦးအောင်ကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးတင်ဦးရယ်။ ဦးအောင်ကြီး ဘက်ကလည်း သူ့ရဲ့အဖွဲ့တွေ ပါလာတယ်။ ၁၁ ယောက်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ဦးကိုယုတို့၊ ဒေါ်မြင့်မြင့်ခင်တို့၊ ဦးထွန်းတင်တို့၊ နောက် ဦးအောင်လွင်တို့ ပါလာတယ်။ ဦးတင်ဦး ဘက်ကလည်း ဗိုလ်ချုပ်အောင်ရွှေတို့၊ ဗိုလ်မှူးကြီးချစ်ခိုင်တို့ ပါလာပါတယ်။ တကယ့်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပါ။ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ ဆက်ပြီး အလုပ်လုပ်ကြ တဲ့အခါမှာ ဦးအောင်ကြီးက ပဲ့ထွက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးအုပ်စုပဲ ကျန်ခဲ့တယ်။ အဲဒီပုဂ္ဂိုလ်တွေနဲ့ ဆက်ပြီး အလုပ်လုပ်တော့ ၁၉၉၀ ကျတော့ ဒေါ်အောင်ဆန်းစုကြည် အရေးယူခံရတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူတွေ တော်တော်များများ ထောင်ထဲ ရောက်သွားတယ်။ အဲဒီမှာ ဦးတင်ဦးရယ်၊ ဦးအောင်ရွှေရယ်၊ ဦးကြည်မောင်တို့ပဲ ကျန်ခဲ့တယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း ၁၉၈၈ တုန်းက မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့ ဆိုပြီး ကျောင်းသားလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ပါလာကြတာ။ အဲဒီလူတွေ NLD မှာ ရောက်လာတယ်။ ရောက်လာတော့ ဦးတင်ဦး သံယောဇဉ်၊ ဦးအောင်ရွှေ သံယောဇဉ်တွေနဲ့ ရောက်လာကြတာ။ အကုန်လုံးပေါ့။ သူတို့လည်း ၁၉၉၀ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲ ဝင်ပြီးတော့ ကိုယ်စားလှယ်တွေ ဖြစ်လာကြတယ်။ အဲလိုဖြစ်ပြီးတဲ့ အခါမှာ NLD ကို နဝတ အစိုးရက ပြတ်ပြတ်သားသား ချေမှုန်းတဲ့အခါကျတော့ သူတို့ကို ကြည့်ပြီး နောက်လူတွေက မဝင်ကြတော့ဘူး။ တပ်မတော်သားဟောင်းတွေက ပိုပြီးမဝင်တော့ဘူး။

ဘာ့ကြောင့်လဲဆိုလို့ ရှိရင် တပ်မတော်သားဟောင်း တွေကိုလည်း သူတို့ဘက်က စစ်မှုထမ်းဟောင်းများ အဖွဲ့ ဆိုပြီးမှ လုပ်ပိုင်ခွင့်တွေ အများကြီး ပေးလိုက်တယ်။ စီးပွားရေး လုပ်ငန်းတွေ ပေးတယ်။ သင်တန်းတွေပေးတယ်။ ဆေးဝါးကုသခွင့်တွေ ပေးတယ်။ အဲဒီတုန်းက NLD က အနှိပ်ကွပ် ခံနေရတာမို့ UG သဘောမျိုး (သူပုန်သာသာပဲ) ရှိတာမို့ တပ်မတော်သားဟောင်း တွေရော၊ တပ်မတော်သားတွေက ကျွန်တော်တို့ NLD ကို အမြင်မှန် မရနိုင်ဘူး။ နောက် စိုးရိမ်တာပါတယ်။ ကြောက်တာပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်ဆိုရင် ကျွန်တော်နဲ့ ပတ်သက်ပြီး ကျွန်တော့် အမျိုးတွေပါ နှိပ်ကွပ်ခံ ခဲ့ရတယ်။ ဒါတွေ ကျွန်တော် အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ အလားတူပဲ တခြားသူတွေလည်း နှိပ်ကွပ်ခံခဲ့ရပါတယ်။ အဲဒါကြောင့်မို့လို့ ကြောက်ပြီးတော့၊ စိုးရိမ်ပြီးတော့၊ အသိုင်းအဝိုင်း ထိခိုက်မှာတွေကို စိုးရိမ်ပြီးတော့ မပါတော့တာ။ အခုဆိုလို့ ရှိရင်တော့ (ခင်ဗျားပြောတာ မှန်ပါတယ်) တပ်မတော်သားဟောင်းတွေ ဆိုရင် မပါတော့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စာရင်းမှာတော့ သုံးလေးယောက် လောက်တော့ ပါလာတယ်။ အဲဒီလူတွေကို ကျွန်တော်မသိဘူး။ စာရင်းကြည့်တော့မှ သိတာ။ ဒဂုံမြို့နယ်က ဗိုလ်မှူးကြီး ကျော်ဇေယျဆိုရင် (ဒေါ်) ခိုင်ဝါရဲ့ အမျိုးသား။ နောက် နယ်တွေမှာလည်း ရှိတယ်။

Voice - ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မဲပေးတာနဲ့ ပတ်သက်ပြီး ပြောဆိုလာတဲ့ သဘောထားတွေကို မီဒီယာတွေမှာ တွေ့လာရပါတယ်။ အဲဒီလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အန်ကယ်ဦးဝင်းထိန် ဘာများပြောချင်လဲ။

UWH- အဲလိုပြောတာတွေကို ကျွန်တော်လည်း ဖတ်ရတော့ စိတ်မကာင်းဘူး။ ဘယ်လို စိတ်မကောင်းလဲ ဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ‘ဘယ်လမ်းကိုရွေးမလဲ’ ဆိုတဲ့ ဆောင်းပါး။ အဲဒီတုန်းက တပ်မတော်ဟာ နိုင်ငံရေးဖြစ်စဉ်မှာ ၄၃၆ ပြင်ဆင်ရေး ကိစ္စတွေရော၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေမှာရော တပ်မတော်က ဘယ်လိုင်းက လိုက်မလဲ ဆိုတာကို မသိတဲ့ အတွက်ကြောင့်မို့ ဒီအချိန်ဟာဆိုရင် ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့လမ်းကို ရွေးမလား။ အရင်ကလိုပဲ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စနစ်ကိုပဲ လိုက်မလား။ တပ်ချုပ်အနေနဲ့ ရွေးချယ်ဖို့ အချိန်တန်ပြီဆိုပြီး ကျွန်တော် ဆောင်းပါးရေးခဲ့တယ်။ အဲဒီသဘောထားနဲ့ အတူတူပါပဲ။ ကျွန်တော် ၁၉၆၃ ခုနှစ်၊ တပ်မတော်က အရာရှိဖြစ်တဲ့အခါမှာ တပ်မတော်သည် ဘယ်နိုင်ငံရေးပါတီနဲ့မှ မပတ်သက်ဘူး။ တကယ်ကို တိုင်းပြည်အတွက် ကာကွယ်မယ်။ ဖွဲ့စည်းပုံကို ကာကွယ်မဲ့ နိုင်ငံတော်တာဝန်ပဲ ယူခဲ့တယ်။ နောက်ပိုင်း မဆလခေတ် ရောက်တော့ မဆလစနစ်ကို ကာကွယ်တဲ့ တပ်မတော်၊ နောက် နဝတခေတ်ရောက်တော့ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုပြီး ဆိုင်းဘုတ် ပြောင်းသွားတယ်။ ဦးသိန်းစိန်ကနေ အရပ်သားအစိုးရ ပြောင်းလာတဲ့ အခါကျတော့ တပ်မတော်ရဲ့ အယူအဆ အထိုက်အလျောက် ပြောင်းမယ်လို့ ကျွန်တော်ယူဆတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တာတွေက (ပထမတော့ သူပြောတာတွေက မဆိုးဘူး) ၂၀၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတသော ရလဒ်ကို လက်ခံမယ်ဆိုတဲ့ ဟာမျိုးပေါ့။ နိုင်ငံမှာ ခေါင်းဆောင်လုပ်မယ့် ဘယ်သမ္မတမဆို (ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်) လက်ခံမယ်ဆိုတဲ့ ဟာလည်းပါတယ်။ အဲဒီတုန်းက အဲဒီလိုစကားတွေကို ကြားရတော့ ဒီပုဂ္ဂိုလ်ဟာ အထိုက်အလျောက်တော့ သဘောထား ပျော့ပြောင်းမှု ရှိမယ်လို့ ယူဆတယ်။

အခု အောက်တိုဘာလလယ်နဲ့ နောက်ဆုံးပတ်မှာ ပြောတာတွေကျတော့ တပ်မတော်အပေါ် သဘောမှန်တဲ့သူကိုပဲ မဲပေးဖို့၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့် ပါတီကို မဲပေးပါတို့၊ နိုင်ငံခြားသြဇာ ကင်းတဲ့ ပါတီပဲ မဲပေးပါတို့ ဆိုတာတွေက NLD ကို မဲမပေးပါနဲ့ လက်ညှိးထိုး မပြရုံပဲ။ ဆိုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထား တဲ့အတိုင်း ကြားမနေဘဲနဲ့ ဘက်လိုက်တယ်။ အဲဒါကြောင့်မို့လို့ စိတ်မကောင်းဘူးလို့ ပြောတာ။ စစ်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ‘နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်’။ တိုင်းပြည်နဲ့ တပ်မတော်ကိုတည် ထောင်ပြီးတော့မှ တိုင်းပြည်ကို မှန်မှန်ကန်ကန် ကာကွယ်နိုင်တဲ့ တပ်မတော်၊ Professional တပ်မတော် ဖြစ်ရမယ်။ နိုင်ငံရေးပါတီတွေကို ဘက်လိုက်စရာ မလိုဘူး။ အခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘယ်ပါတီကို မဲပေးပါ။ ဘယ်ပါတီကို မဲမပေးပါနဲ့လို့ နာမည် မတပ်သော်လည်းဘဲ နာမည်တပ်ပြီး ပြောသကဲ့သို့ ပြောတဲ့ဟာကိုတော့ ကျွန်တော် စိတ်မကောင်းဘူး။ နောင် အနာဂတ် ဒီမိုကရေစီရေး အတွက်ကတော့ ရင်လေးစရာ ကောင်းတယ်။

Voice - အန်ကယ်ဦးဝင်းထိန် ဘာများ ဆက်ပြောချင်ပါသေးလဲ။

UWH - ကျွန်တော် ပြောချင်ပါသေးတယ်။ အခု ရွေးကောက်ပွဲကို ကျွန်တော်တို့ NLD အနိုင်ရမယ်လို့ တော်တော်များများ ပြောဆိုနေကြတယ်နော်။ ကျွန်တော်ကတော့ နည်းမျိုးစုံနဲ့ အညစ်ခံရမယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကို ရွှေ့မယ်ဆိုတဲ့ ဟာကလည်း အကွက်တစ်ခု။ ဒါလည်း ညစ်ကွက်တစ်ခုပဲ။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက် အနေနဲ့ မလုပ်သင့်တဲ့ဟာ။ ဒါပေမဲ့ လုပ်ပြီးသွားပြီ။ အခု နောက်ပိုင်းမှာ ရန်ကုန်မြို့က မြို့နယ်တစ်ခုချင်းရဲ့ မဲစာရင်း လူပိုတွေက တော်တော်လေးများတယ်။ အခုနေနေတဲ့ မိသားစုအပြင် အိမ်တစ်အိမ်မှာ အရင်က နေခဲ့တဲ့ လူတွေရဲ့ နာမည်စာရင်းလည်း ဒီအတိုင်း ပြန်ပါနေတယ်။ တောင်ဥက္ကလာမှာဆိုရင် တစ်မြို့နယ်လုံးက ကိုးသောင်းလောက် ပိုနေတယ်။ အဲဒါတွေက ဘာလုပ်မလဲဆိုလို့ ရှိရင် မသိနိုင်ဘူး။ ဒီပုဂ္ဂိုလ်တွေ မရှိပါဘူးလို့ ကော်မရှင်ကို ကန့်ကွက်ခဲ့တယ်။ ဖယ်မပေးဘူး။ အပေါ်က လုပ်တဲ့စာရင်းလို့ ပြောတယ်။ ဒီပိုနေတဲ့ စာရင်းက ဘာဖြစ်မလဲဆိုရင် တစ်နေရာမှာ ကြိုတင်မဲ ပေးခဲ့မယ်။ ဒီနေရာမှာလည်း မဲပေးမယ်။ လက်တွေ့မဲပေးခွင့်ကို ကော်မရှင်ကနေ ထုတ်ပေးမှာ။ အဲဒီမဲစာရင်းနဲ့သာ လုပ်ရင်တော့ အဲဒီပုဂ္ဂိုလ်တွေက နှစ်ခါမဲပေးမယ်။ လူပိုက တစ်သောင်းရှိရင် တကယ်တမ်းကျတော့ နှစ်သောင်းဖြစ်သွားမယ်။ အဲဒီအန္တရာယ်ရှိတယ်။ ကျွန်တော် မနေ့ညကမှ ဘာဖြစ်လို့ လူပိုတွေ ရှိတာလည်း ဆိုတာကို သွားစဉ်းစားမိတယ်။

ပထမဆုံး မဲစာရင်းထွက်တုန်းက အဲဒီပြဿနာ မရှိဘူး။ အဖေနာမည် မှားတာ၊ အမေနာမည် မှားတာ။ သေတဲ့လူတွေ အမည်ပါတာ၊ ရပ်ကွက်မှားတာ၊ အိမ်နံပါတ် မှားတာ ဒီလောက်ပဲလေ။ အခုကတော့ မဲစာရင်းမှာ အပိုပါနေတဲ့လူက မြို့နယ်တိုင်းမှာ ရှိနေတယ်။ မြို့နယ်တစ်မြို့နယ်မှာ လူပိုက သောင်းကျော်ပါနေရင် ဒီမဲစာရင်းက ဘယ်ကိုရောက်သွားမလဲ။ ကျွန်တော် ဒါကို စိတ်ပူနေတယ်။ အဲဒီလို လူပိုမဲစာရင်းတွေက ကျွန်တော်တို့ရဲ့ Result ကို ပြောင်းပြန်ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ နိုင်မယ်ဆိုတာက မနိုင်ဘဲနဲ့ အရှုံးဖြစ်သွားနိုင်တယ်။ လူပိုတွေကြောင့်။ အဲဒီလူပိုတွေ ကိစ္စကိုလည်း ကျွန်တော် တင်ပြခဲ့တယ်။ သူတို့ အရေးလည်း မယူဘူး။ ဘာမှလည်း ရှင်းမပြဘူး။ တစ်ကမ္ဘာလုံးက မဲပေးတဲ့စာရင်းက တစ်သိန်းတောင် မပြည့်ဘူး။ အဲဒီတစ်သိန်း မပြည့်တာကို တောင်မှ မှားအောင်လုပ်တယ် ဆိုတော့ စဉ်းစားကြည့်လေ။ မရိုးဖြောင့်တာဘဲ။ စနစ်ကျနစွာနဲ့ ချယ်လှယ်ထားတဲ့ မဲစာရင်း ဖြစ်နေတယ်။

နိုင်ငံတကာအကူအညီက ဒေါ်လာသန်း ၂၀ ကျော် ရတယ်။ အစိုးရဘတ်ဂျက်က ၆၀ ဘီလီယံကျော် ရတယ်။ အဲဒီရတဲ့ ပိုက်ဆံတွေနဲ့ မဲစာရင်းကို ဒီလောက်မှားအောင် လုပ်တယ်။ ကျွန်တော်တို့က အမှားကို ထောက်ပြတော့ တခြားသူတွေကို ပြန်အပြစ်ဖို့တယ်။ နောက် ရွေးကော်ဥက္ကဋ္ဌ ကိုယ်တိုင်က ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူမယ်ဆိုတဲ့ စကားကလည်း ရှိပြန်ရော။ လာမယ့်ရွေးကောက်ပွဲက ကျွန်တော်တို့ အပြတ်နိုင်ပြီလို့တော့ မစဉ်းစားနဲ့။ အဲဒီလို ညစ်နည်းနဲ့ ကျွန်တော်တို့ ရှုံးနိုင်သေးတယ် ဆိုတာကိုတော့ သတိထားစေချင်တယ်။

The Voice Weekly

No comments:

Post a Comment

My Blog List