Tuesday, November 03, 2015

ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်အား တရုတ်ပြည် ခရီးစဉ်တွင် တရုတ် အစိုးရအရာရှိကြီးများက မငြင်းနိုင်အောင် ကောင်းမွန်သည့် ကမ်းလှမ်းချက် တစ်ခု ကမ်းလှမ်းခဲ့ဟု ဆို


ရခိုင်အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား တစ်ဦးဖြစ်သော ဒေါက်တာ အေးမောင်၏ တရုတ်ပြည် ခရီးစဉ်တွင် တရုတ် အရာရှိများက မငြင်းနိုင် အောင် ကောင်းမွန်သည့် ကမ်းလှမ်းချက်တစ်ခု ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။ တရုတ်အရာရှိများက ဒေါက်တာအေးမောင်အား “လိုချင်တာပြော၊ ဖြစ်စေ ရမည်” ဟု ကမ်းလှမ်းခဲ့သည်ဟု ANP ခေါင်းဆောင်က ပြောကြားခဲ့သည်။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား တရုတ်က ထိုသို့ ချဉ်းကပ်လာခြင်းမှာ မြန်မာနိုင်ငံရှိ မဟာဗျူဟာအရ အရေးပါသော တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် မည်မျှ လုပ်ဆောင်နေကြောင်း ဖော်ပြနေသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နီးကပ်လာချိန်၌ တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ၂ ခုနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခုကို ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားရှိ ရင်းနှီးမြှုပ်နှံမှုများ ကို ကာကွယ်ရန် ထိုနိုင်ငံရှိ အတိုက်အခံပါတီနှင့် ထိတွေ့ဆက်ဆံခြင်းက တရုတ်၏ အစဉ်အလာ မစွက်ဖက်ရေး မူဝါဒမှ အဓိက ပြောင်းလဲမှု ဖြစ်သည်။

ဒေါက်တာအေးမောင်က “ကျွန်တော်တို့ တရုတ်ကို လိုအပ်ပါတယ်။ အမေရိကန်နဲ့ စင်ကာပူကိုလည်း လိုအပ်ပါတယ်။ တကယ်လို့ အိန္ဒိယက ကျွန်တော့်ကို ဖိတ်ခေါ်ရင်လည်း ကျွန်တော် ကြိုဆိုလက်ခံမှာပါ။ ကျွန်တော် တို့ဒေသ ဖွံ့ဖြိုးဆို့ ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ပါတယ်” ဟု ရိုက်တာ သတင်းဌာန သို့ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင် ဆန့်ကျင်ရေး အမြင်များ အားကောင်း သဖြင့် တိုင်းရင်းသား ဗုဒ္ဓဘာသာပါတီ ANP သည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြတ်သားစွာ အနိုင်ရနိုင်ပြီး ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က သြဇာကြီးမားသော ပြည်နယ် ၀န်ကြီးချုပ် ရာထူးကို ရရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

တရုတ်၏ မြန်မာနိုင်ငံအတွင်း အရေးအပါဆုံး ရင်းနှီးမြှုပ်နှံမှု အချို့မှာ ရခိုင်ပြည်နယ်တွင် ရှိသဖြင့် ဒေါက်တာအေးမောင်မှာ အရေးပါသော နိုင်ငံရေး မဟာမိတ် ဖြစ်လာဖွယ် ရှိနေသည်။ လွန်ခဲ့သော ၃ နှစ်က ဗုဒ္ဓ ဘာသာနှင့် မွတ်ဆလင်များအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ပင်လယ် ဆိပ်ကမ်း တံငါမြို့ ကျောက်ဖြူမှာ တရုတ်၏ အရင်းအမြစ်နှင့် ကုန်သွယ်ရေး လမ်းကြောင်းသစ်အတွက် အဓိက မြို့ဖြစ်လာသည်။

အမေရိကန်၏ ရေတပ်လွှမ်းမိုးနိုင်စွမ်းကို စိုးရိမ်သော တရုတ်မူဝါဒ ချမှတ် သူများက ကျဉ်းမောင်းသည့် မလက္ကာရေလက်ကြား ရေကြောင်းလမ်း ကို ရှောင်ကွင်းကာ ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တိုက်ရိုက်တင်ပို့ရန် စီစဉ်ထားခြင်းဖြစ်သည်။

တရုတ် ကွန်မြူနစ်ပါတီက “ဒေါက်တာအေးမောင်အား ဖူကျင်းနှင့် ဂွီဇူးဒေသများသို့ အလည်အပတ် လာရောက်ရန် ဇူလိုင်လက ဖိတ်ကြား ခဲ့သည်။ ခရီးစဉ်အတွင်း အစည်းအဝေးတစ်ခုတွင် တရုတ် ကွန်မြူနစ် ပါတီ နိုင်ငံတကာရေးရာဌာနမှ အရာရှိကြီးတစ်ဦးက တရုတ်နိုင်ငံသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၊ အဓိကအတိုက်အခံ NLD နှင့် ANP တို့ကိုသာ ထိတွေ့ ဆက်ဆံမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“သူတို့က ပါတီ ၃ ခုနဲ့ပဲ ဆက်ဆံပြီး တိုင်းရင်းသား အားလုံးထဲမှာ ကျွန်တော့် ပါတီပဲ ပါတယ်လို့ ပြောပါတယ်” ဟု ဒေါက်တာအေးမောင်က အန်းမြို့တွင် ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြား ခဲ့သည်။

“ANP နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးစားတာဟာ သူတို့ မူဝါဒသစ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်မယ်ထင်ပါတယ်” ဟု သမ္မတရုံးမှ ညွှန်မှုးဖြစ်သူ ဦးဇော်ဌေး က ပြောကြားသည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းနိုင်ငံရေးကို စွက်ဖက်မှု အဖြစ် ရှုမြင်မည့် မည်သည့် လှုပ်ရှားမှုကိုမဆို ရှောင်ကျဉ်သည့် နိုင်ငံခြားရေး မူဝါဒကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည်။ သို့သော် မူဝါဒဟောင်းက တရုတ်၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိဟု သမ္မတ ဇီကျင်ပင်း၏ အစိုးရက ရှုမြင်ထားသည်။

တရုတ်အစိုးရ ထိပ်တန်းအကြံပေးအဖွဲ့ ဖြစ်သော တရုတ်လူမှုသိပ္ပံ အကယ်ဒမီမှ အာရှပစိဖိတ် လူမှုယဉ်ကျေးမှု လေ့လာရေးဌာနမှူး ဇူလီပင်က “ပြီးခဲ့တဲ့ နှစ်တွေအတွင်း အာဏာရပါတီနဲ့ပဲ ဆက်ဆံခဲ့တဲ့အတွက် ကျွန်တော်တို့ ဆုံးရှုံးမှုတွ အများကြီး ကြုံတွေ့ခဲ့ရပြီး အပြောင်းအလဲလုပ်ဖို့ လိုအပ်လာပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်က တရုတ်နိုင်ငံ၏ အကူအညီ ကမ်းလှမ်းချက်အ၇ ရခိုင်လယ်သမားများအတွက် လယ်ထွန်စက်နှင့် လယ်ယာသုံး စက် ကိရိယာများ၊ ပညာသင်ဆုများ အကူအညီပေးရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၄ အစီရင်ခံစာအရ ရခိုင်ပြည်နယ်၏ ဆင်းရဲ မှုနှုန်းမှာ ၇၈% အထိ မြင့်မားစွာရှိနေသဖြင့် အကူအညီများ လိုအပ်သည်မှာ အသေအချာ ဖြစ်သည်။

တရုတ်စီမံကိန်းများ၏ မြေသိမ်းမှုပြသ၁နာများနှင့် နိုင်ငံအတွင်း တရုတ် ဆန့်ကျင်ရေးအမြင် မြင့်မားနေမှုတို့ကြောင့် ထိုလိုအပ်သော ရင်းနှီးမြှုပ်နှံမှု များက ဒေါက်တာအေးမောင်အတွက် ဇာတိမြေတွင် အခက်အခဲဖြစ်စေနိုင် သည်။

ရွေးကောက်ပွဲဝင်မည့် NLD အမတ်လောင်းတစ်ဦးဖြစ်သူ ဒေါ်ထုမေ က “ဒေါက်တာအေးမောင်ရဲ့ တရုတ်ပြည်ခရီးစဉ်ကို ဒေသခံအဖွဲ့အစည်း အချို့နဲ့ လူငယ်တွေက ဝေဖန်မှုတွေ ရှိပါတယ်။ ကျွန်မတို့ လူငယ်တွေက အနောက်နိုင်ငံတွေရဲ့ မူဝါဒနဲ့ အကူအညီကို သဘောကျပြီး တရုတ်ရဲ့ မူဝါဒကို မကြိုက်ပါဘူး” ဟု ပြောကြားသည်။

ကျောက်ဖြူမြို့ရှိ အထူးစီးပွားရေးဇုန်တစ်ခု အပါအ၀င် တရုတ်၏ ရင်းနှီးမြှုပ်နှံ မှု စီမံကိန်းများအားလုံး စီစဉ်ထားသည့်အတိုင်း လာမည့် ဆယ်စုနှစ် ၂ ခုအတွင်း အကောင်အထည် ပေါ်လာပါက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် ရှိနိုင်သည်ဟု Cornegie Endowment for International Peace အဖွဲ့မှ စီရာဂျာမိုဟန်က ဆိုသည်။ သို့သော် တည်ဆောက်ပြီးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ က ဒေသခံများကို အလုပ်အကိုင် ခန့်ထားခြင်းမရှိဟု ဆိုသည်။

ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော အသက် ၃၆ နှစ်ရှိ ဦးထွန်းထွန်းနိုင်က “ဓာတ်ငွေ့စီမံကိန်းလာတော့ လူတွေက အလုပ်ရမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ တကယ်ရောက်လာတော့ စားဖိုမှူးကို တောင် တရုတ်ပြည်က ခေါ်လာပါတယ်” ဟု ပြောကြားခဲ့သည်။

Ref - Reuters
The Ladies News Journal

No comments:

Post a Comment

My Blog List