Tuesday, November 03, 2015

နေပြည်တော် ကောင်စီနယ်မြေတွင် နောက်ဆုံး မဲစာရင်း ထုတ်ပြန်ရာ၌် မဲပေးနိုင်သူဦးရေ ခုနစ်သိန်းငါးသောင်း ကျော်ရှိပြီး အမှားပြင်ဆင်ချက် အချို့ကြောင့် ဦးရေအနည်းငယ် တိုးလာနိုင်


နိုဝင်ဘာ ၂ ရက် နောက်ဆုံးအကြိမ် မဲစာရင်း ထုတ်ပြန်ရာတွင် နေပြည် တော် ကောင်စီနယ်မြေ၌ မဲပေးခွင့် ရှိသူဦးရေ ၇၅၀၀၀၀ ကျော်ရှိပြီး အမှားပြင်ဆင်ချက် အချို့ကြောင့် မဲပေးနိုင်သူဦးရေ အနည်းငယ် ထပ်မံတိုးလာ နိုင်သေးကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန်စဉ်က ၇၃၀၀၀၀ ကျော်ရှိပြီး နောက်ဆုံးထုတ်ပြန်ရာတွင် ဦးရေ ၂၀၀၀၀ ခန့် တိုးလာခြင်းဖြစ်ကြောင်း လက်ရှိ အချိန်တွင် နောက်တိုး လူဦးရေစာရင်း အနည်းငယ် တိုးလာနိုင်သည့် အတွက် လူဦးရေစာရင်း အတိအကျ ပြောဆို၍ မရနိုင်သေးကြောင်း ရွေးကောက်ပွဲ အရာရှိ ဦးကျော်မင်းဇော်က ပြောကြားသည်။

ယခင် ထုတ်ပြန်ခဲ့သည့် အခြေခံ မဲစာရင်းများတွင် အမည်ပါရှိသော်လည်း ယခုထုတ်ပြန်သည့် မဲစာရင်းတွင် အမည်စာရင်း လုံးဝ မပါဝင်ခြင်း၊ အမည်မှားယွင်းခြင်း၊ အချက်အလက် မှားယွင်းခြင်း၊ အမည်စာရင်း နှစ်ခါထပ်ခြင်းများ ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

“ကျွန်မနာမည်ဆိုရင် ချိုဇင်မာထွန်းနဲ့ လျှောက်ထားတာ။ အခုပါလာတော့ ဇင်မာထွန်းနဲ့ ပါတယ်။ ကျန်တဲ့ အချက်အလက်တွေက အကုန်မှန်တယ်။ နာမည်ပဲ မှားတာ။အဲဒါကို ကော်မရှင် ဥက္ကဋ္ဌကို ပြောတော့ ဇင်မာထွန်းနဲ့ပဲ မဲပေးလို့ ပြောပြီး သက်သေခံ လက်မှတ်ထုတ်ပေးလိုက်တယ်” ဟု နေပြည်တော် သပြေကုန်း ရပ်ကွက်တွင် နေထိုင်သူ မချိုဇင်မာထွန်းက ဆိုသည်။

နောက်ဆုံး ထုတ်ပြန်လိုက်သည့် မဲစာရင်းတွင် အမည်လုံးဝ ပါဝင်ခြင်း မရှိသော်လည်း မဲပေးရက် မတိုင်မီ ခိုင်လုံသော အထောက်အထားဖြင့် တင်ပြပါက ရပ်ကွက်၊ ကျေးရွာ ကော်မရှင် ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံပေးခြင်းဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

အေလာမြို့မှ ဒေသခံ ကိုဌေးနိုင်က “အရင်ထုတ်ပြန်တဲ့ မဲစာရင်း နှစ်ကြိမ်စလုံး အပြည့်အစုံပါတယ်။ အခု နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ နာမည်လုံးဝ မပါလာဘူး။ အဲ့ဒါကို ကျွန်တော်ပြောတော့ ကျေးရွာကော်မရှင် ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးက မဲပေးတဲ့နေ့မှာ မဲပေးခွင့်ရအောင် လုပ်ပေးမယ်လို့ ပြောတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်းက “ပုံစံ ၆၆ ရှိတာ မှန်ကန်ဖို့ လိုတယ်။ ရပ်ကွက်ကျေးရွာမှာ အတည်တကျ နေတာ မှန်ကန်ဖို့ လိုတယ်။ ဒါဆိုရင် စာရင်းထပ် ထည့်ပေးလို့ ရပါတယ်။ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားရမယ့် ၃(က)သမားတွေတော့ မပါဘူးပေါ့နော်။ ပထမအကြိမ်၊ ဒုတိယအကြိမ်မဲ စာရင်းထုတ်ပြန်ရာမှာ ပါထားပြီး နောက်ဆုံးအကြိမ်မှာ အမည်ကျန်ခဲ့တာမျိုးကလည်း ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ရပ်/ကျေး ကော်မရှင်ကို သတင်းပို့ပါ။ ရပ်/ကျေး ကော်မရှင်ကနေ မြို့နယ်ကို ဆက်ပြီး သတင်းပို့ပါလိမ့်မယ်။ မဲပေးခွင့် မဆုံးရှုံးအောင် လုပ်ပေးရမှာပါ။ တခြားမြို့နယ်မှာ နေပြီး မဲစာရင်း ထည့်ပေးပါဆိုရင်တော့ မရဘူးပေါ့” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List