Thursday, November 05, 2015

အကြမ်းဖက်ခံရမှုကိုလက်မခံသော်လည်းတုံ့ပြန်မည်မဟုတ်ဟုဦးနိုင်ငံလင်းပြောကြား


သာကေတမြို့နယ်အတွင်းမဲဆွယ်စည်းရုံးမှုများပြုလုပ်နေစဉ်ဓားဖြင့်ခုတ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက အကြမ်းဖက်ခံရမှုကိုလက်မခံသော်လည်း တုံ့ပြန်မည် မဟုတ်ကြောင်းဦးနိုင်ငံလင်းကပြောကြားသည်။

သို့သော်လည်းယင်းအမှုနှင့်ပတ်သက်ပြီးအစိုးရကဥပဒေစိုးမိုးမှုရှိရန်လုပ်ဆောင်သင့်ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။

ယင်းကိုနိုဝင်ဘာလ၄ရက်နေ့က သာကေတမြို့နယ်အတွင်းပြုလုပ်ခဲ့သည့် အနှေးယာဉ်များဖြင့်လှည့်လည်မဲဆွယ်ပွဲတွင် ၎င်းကယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်မှုတွေကိုဘယ်သူလုပ်လုပ်လက်မခံပါဘူး။ဒါပေမဲ့လည်းကျွန်တော့်အနေနဲ့တုံ့ပြန်စရာမလိုဘူးလေ။ဒါကအစိုးရကစည်းစနစ်တကျနဲ့ဥပဒေစိုးမိုးမှုရှိအောင်လုပ်ရမှာပါ။လက်ရှိအချိန်မှာကျွန်တော့ကျန်းမာရေးအရမ်းကောင်းပါတယ်။”ဟုဦးနိုင်ငံလင်းကပြောဆိုသည်။

ယင်းကဲ့သို့အကြမ်းဖက်ခံရမှုများကို အရေးယူရန်သည်ရွေးကောက်ပွဲကော် မရှင်တစ်ခုတည်းတွင်သာတာဝန်မရှိဘဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင် တာဝန်ရှိသူများနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့တွင်ပါ တာဝန်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

သာကေတမြို့နယ်အတွင်း NLD ပါတီကအနှေးယာဉ်၅၀၀နှင့် လူအင်အား တစ်ထောင်ခန့်ပါဝင်ခဲ့ပြီး နံနက် ၁၁နာရီမှစတင်ကာ လှည့်လည်မှု များပြုလုပ်ခဲ့သည်။

ဦးနိုင်ငံလင်းသည် NLD ပါတီအောင်နိုင်ရေးအတွက်အောက်တိုဘာ၂၉ ရက်နေ့ည၉နာရီခန့်က သာကေတမြို့နယ်မာန်ပြေ၈လမ်းတွင် မဲဆွယ် စည်းရုံးရေးယာဉ်တန်းဖြင့်လှည့်လည်မဲဆွယ်နေစဉ်အမျိုးသားသုံးဦးက တုတ်ဓားများကိုင်ဆောင်ကာအကြမ်းဖက်ရန်ပြုခဲ့ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့်ဦးနိုင်ငံလင်းမှာအပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကာNLDပါတီဝင်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့မှာလည်းဒဏ်ရာများရရှိခဲ့သောကြောင့်ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူခဲ့ရသည်။


The Voice Weekly

No comments:

Post a Comment

My Blog List