Thursday, November 05, 2015

ရွေးကောက်ပွဲနေ့ မဲရုံတာဝန်ကျဆရာမများ၏ခံစားမှု


‘‘စိုးရိမ်တာက ရွေးကောက်ပွဲနေ့ကျရင် တကယ်မှန်မှန်ကန်ကန် လုပ်ရပါ့မလား၊ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲ၊ မဲရေတွက်တဲ့နေရာမှာကော မှန်မှန်ကန်ကန်ရေတွက်နိုင်မလား၊ အမှန်အတိုင်းပြောရရင် ယုံကြည်မှုမရှိဘူး’’ဟု မန္တလေးမြို့တွင် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရမည့် တက္ကသိုလ်ဝင်တန်းပြဆရာမတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲပေးရမည့် မဲရုံစုစုပေါင်း လေးသောင်းကျော်ရှိရာ အဆိုပါမဲရုံများတွင် မဲရုံမှူးအဖြစ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများနှင့် ဒေသခံအစိုးရဝန်ထမ်းများက တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။

ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများသည် ရွေးကောက်ပွဲ နှင့်စပ်လျဉ်းသည့် ကိစ္စများတွင် ဆောင်ရွက်နေသူများမဟုတ်သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲ၌ လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရ မည့်ကိစ္စများသည် ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲပေးရမည့်ရက်တွင် မဲပေးနေစဉ် မဲရုံအတွင်း ဖြစ်ပွားလာမည့်ပြဿနာများကို ဖြေရှင်းရခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ပယ်မဲသတ်မှတ်ခြင်း၊ မဲရလဒ်ရေးသွင်းခြင်း၊ စာရင်းဇယားများ၊ မဲလက်မှတ်များ၊ ပစ္စည်းများ ထုပ်ပိုးခြင်း စသည်တို့တွင် တစ်စုံတစ်ရာ မှားယွင်းခြင်းမရှိစေရန် ဂရုပြုဆောင်ရွက်ရမည့်အတွက် စိတ်ပင်ပန်းမှုများဖြစ်စေနိုင်သဖြင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြရမည့် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမအများစုသည် တာဝန်ထမ်းဆောင်လိုခြင်းမရှိကြပေ။
‘‘အဓိကကတော့ စိတ်ပင်ပန်းကြတာပေါ့။ မဲရုံမှူးတွေအားလုံးက မဲရုံစဖွင့်တဲ့အချိန်ကနေ စပြီးတော့ ထိုင်ပြီးစာရင်းတွေ လုပ်နေရမယ်၊ မဲရုံပိတ်ချိန်မှာ သူ့အတွက် အလုပ်တွေအများကြီးဖြစ်သွားပြီ။ ခိုင်လုံမဲ၊ ပယ်မဲတွေ လုပ်ရမှာလည်း ကိုယ့်တာဝန်ဖြစ်သွားပြီ။ ပြီးရင် မဲရေတွက်ရမှာကို ဆရာတွေတော်တော်များများက မလုပ်ချင်ကြဘူး။ တာဝန်ကအရမ်းများတော့ စာသင်ရတာထက် ပိုပြီးစိတ်ရှုပ်ကြရတယ်’’ဟု ဒဂုံ မြို့သစ်(မြောက်ပိုင်း)တွင်မဲရုံမှူးအဖြစ် တာဝန်ယူဆောင် ရွက်ရမည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာ မဲရုံများ၌ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများအား တာဝန်ထမ်းဆောင်စေခဲ့သည်။ ယခု ၂၀၁၅ တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ၌လည်း မဲရုံများတွင် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ နှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။
‘‘ရွေးကောက်ပွဲဆိုရင် ပညာရေးဝန်ထမ်းတွေကိုပဲ ခေါ်ခိုင်းတာများတယ်။ ပညာရေးဝန်ထမ်းအင်အားများတယ်ဆိုပြီးတော့ တာဝန်ပေးတာမျိုး၊ တစ်ခါတလေ ကိုယ်ကိုယ်တိုင်ဆန္ဒရှိလို့ လုပ်ရတာဆို ဘယ်လောက်ပင်ပန်းပင်ပန်းကိစ္စ မရှိဘူး။ ဘုမသိဘမသိလုပ်ရတဲ့ ကိစ္စမျိုးဆိုမလုပ်ချင်ဘူး’’ဟုပုသိမ်မြို့တွင် မဲရုံမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ယူရမည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းများကို စက်တင်ဘာအတွင်း ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ မဲဆွယ်ပွဲများ၌ ပါဝင်ခြင်းနှင့် ပါတီလှုပ်ရှားမှုများပါဝင်ခြင်းမရှိစေရန် ပညာရေးဝန်ထမ်းများ ပါတီနိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်ပတ်
သက်မှုမရှိစေရန်၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက အောက်တိုဘာအတွင်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါညွှန်ကြားချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀၊ အပိုဒ်(ဆ) အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု အတိအလင်းပါရှိပြီးဖြစ်၍ အခြေခံပညာဦးစီးဌာနအုပ်ချုပ် မှုအောက်ရှိ ပညာရေးဝန်ထမ်းများသည် ပါတီနိုင်ငံရေးရာကိစ္စများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ဆောင်ရွက်ခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်ဟု သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ ပညာရေးမှူးရုံးများသို့ အောက်တိုဘာ ၂၀ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
‘‘မဲပေးတဲ့အခါမှာ ဆရာ၊ ဆရာမတွေက မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရမယ်။ ကိုယ့်ရဲ့တာဝန်ကို ပီပီပြင်ပြင်ထမ်းဆောင်နိုင်ဖို့အတွက် ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ ညွှန်ကြားထားတာပါ။ ဆရာ၊ ဆရာမကိုယ်တိုင်က ပါတီတစ်ခုခုဘက်ကို အားသာမှုရှိခဲ့ရင် ကိုယ်တိုင် မဲရုံမှူးတာဝန်ထမ်းဆောင်တဲ့အခါမှာ အများအမြင်မှာ အမြင်တစ်မျိုးဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် အား လုံးကို ပါတီနိုင်ငံရေးကင်းရှင်းဖို့ စာထုတ်တာပါ’’ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအသီးသီး၌ တာဝန်ယူကြမည့် မဲရုံအဖွဲ့ဝင်များကို နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသည်။
‘‘အဓိကကကြိုတင်မဲကို မယုံဘူး။ တကယ်ရွေးကောက်ပွဲနေ့မှာ ကိုယ်တိုင်ကိုယ်ကျ မဲသွားပေးချင်တယ်။ ကိုယ်ပေးတဲ့မဲက ကိုယ်ပေးတဲ့ပါတီကိုရစေချင်တယ်’’ဟု မန္တလေးပညာရေးကောလိပ်မှ နည်းပြဆရာမတစ်ဦးကပြောသည်။
၎င်းတို့သည် အနာဂတ်တွင် နိုင်ငံအတွက် ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်ပေါ်လာစေရန် ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ကြားပေးနေသူများ ဖြစ်သောကြောင့် ပညာရေးကဏ္ဍနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ၌ တာဝန်ပေးထမ်းဆောင်ခြင်းများကို မပြုလုပ်စေလိုကြကြောင်း ပညာရေးနယ်ပယ်မှ ပညာရှင်များက အကြံပြုသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမများအားလည်းကောင်း၊ ကျောင်းသူ၊ ကျောင်း သားများအားလည်းကောင်းပညာရေးနှင့် မပတ်သက်သော ပွဲလမ်းသဘင်နှင့် အခမ်းအနားများတွင် လုပ်အားပေး ပါဝင်စေခိုင်းခြင်း ကိစ္စကို ယခုမှစ၍ ရှောင်ကြဉ်ရန် တိုက်တွန်းသည့်အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေး (၂/၂၀၁၅) တွင် အဆိုတင်သွင်းခဲ့သည်။
‘‘တကယ်တော့ ဒီအဆိုကို ၂၀၁၂ ဇန်နဝါရီ ၉ ရက်ကတည်းက လွှတ်တော်ရုံးကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်အခါက အရေးတကြီးလိုအပ်ချက်ဖြစ်တဲ့ အတွက်ကြောင့်မို့ တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော် မှာ ထုံးစံအတိုင်း ဝန်ကြီးက ကန့်ကွက်လို့ မဲခွဲတဲ့အခါမှာ အဆိုရှုံးနိမ့်သွားခဲ့ပါတယ်’’ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများသည် မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့်အပေါ် တာဝန်တစ်ခုအနေဖြင့် ထမ်းဆောင်ရခြင်းမဟုတ်ဘဲ လုပ်အားပေး (Volunteer) အဖြစ် ဖိတ်ခေါ်ကာ တာဝန်ထမ်းဆောင်လိုသူများ ပါဝင်ဆောင်ရွက်ပေးစေလိုကြသည်။
‘‘တကယ်လိုအပ်တဲ့နေရာမှာ ကိုယ်ရှိမှဖြစ်မယ်ဆိုရင် လုပ်ချင်တယ်။ ဝါသနာနဲ့ ခံယူချက်နဲ့လည်း ကိုက်ညီမယ်ဆိုရင် ဘယ်လောက်ပင်ပန်းပါစေ လုပ်ချင်တယ်။ ပရိသတ်အင်အားလိုတာမျိုး၊ ကြိုဆိုတဲ့သူတွေများတယ်လို့ သရုပ်ပြ တဲ့အနေနဲ့ နေပူမရှောင်၊ မိုးရွာမရှောင် သွားရတာမျိုးဆို မလုပ်ချင်တာအမှန်ပဲ။ ပညာရေးဝန်ထမ်း အများစုက ခေါက်ရိုးကျိုးနေပြီဆိုတော့ မငြင်းကြတာများတယ်’’ဟု မဲရုံတွင် တာဝန်ထမ်းဆောင်ရမည့် မန္တလေးပညာရေးကောလိပ်မှ နည်းပြဆရာမတစ်ဦးက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List