Thursday, September 24, 2015

ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမည်သူများအား NLD အနေဖြင့် တုန့်ပြန် ပုတ်ခတ်မည် မဟုတ်ဟု ဆို


NLD ပါတီအား မဲမပေးရေးအတွက် ဘာသာရေး အသုံးချကာ လှုံဆော် စည်းရုံးမှုများ ရှိနေပြီး ထိုသို့ပြောဆိုစည်းရုံးနေမှုများကို ပါတီအနေဖြင့် တုန့်ပြန်ပုတ်ခတ်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က တုန့်ပြန်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် NLD ဗဟိုအောင်နိုင်ရေးရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဝင်းထိန်က``ကျွန်တော်တို့အနေနဲက ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချပါဘူး။ အဲ့ဒါကို အသုံးချမယ်ဆိုတဲ့သူတွေကို ကျနော်တို့က ပုတ်ခတ်တာတွေ လုပ်မှာ မဟုတ်ပါဘူး´´ဟု ပြန်ဖြေကြားခဲ့သည်။

မ.ဘ.သ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး စသည့် မြန်မာနိုင်ငံရှိ မ.ဘ.သ များမှ ဒေါ်အောင်ဆန်းစုကြည် အမည်ဖော်ပြကာ မျိုးစောင့်ဥပဒေ လေးရပ်ကို မထောက်ခံသူဖြစ်သောကြောင့် သူမကို မဲမပေးရန် ကြေညာစာတမ်းများ ဖြန်ဝေမှုရှိကြောင်းဆိုသည်။

အဆိုပါ မ.ဘ.သ ကြေညာစာတမ်းများအား ဖြန့်ဝေရာတွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်မှုရှိပြီး ယင်း ကိစ္စအား အထောက် အထား အပြည့်အစုံဖြင့် ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် ပြုလုပ် သည့် တွေဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဧရာဝတီတိုင်းဒေ သကြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြောဆိုသော်လည်း အရေးယူမည့် ကိစ္စ ပြန်လည်ပြောဆိုခြင်း မရှိကြောင်း ယင်းကဆို သည်။

ဦးဝင်းထိန်က “သူတို့ တင်သွင်းတဲ့ ဥပဒေကို မထောက်ခံတဲ့အတွက် မဲမပေးကျဖို့ မ.ဘ.သက အဲ့ဒါနဲ့ပတ်သက်လိုဖြန့်ဝေတဲ့ပုဂ္ဂိုလ်တွေက အာဏာရပါတီက ပုဂ္ဂိုလ်တွေဖြစ်တယ်။ ကျနော်တို လက်ဆုပ် လက်ကိုင် မိတယ်။ မြစ်ဝကျွန်းပေါ် ပုသိမ်တို့ဘာတို့ဆို ရန်ကုန်ကနေ ပို့လိုက်တဲ့ အထုပ်လိုက် ဓာတ်ပုံနဲ့ဖြန့်ဝေတဲ့ စာတွေ ရှိတယ်။ ဖြန်ဝေတဲ့ပုံတွေ ရှိတယ်။ အဲ့ဒါပတ်သက်ပြီး အကျိုးအကြောင်း ခိုင်မာစွာ UEC ကို တင်ပြတဲ့အခါ ဧရာဝတီတိုင်း ဥက္ကဋ္ဌကော UEC ဥက္ကဋ္ဌ ကကော မ.ဘ.သ ဖြန့်တာပါဆိုတဲ့ အချက်နဲ့ ကျနော်တို့ ပြောတာကို ဘယ်လိုမှ အရေးယူလို့ မရဘူးပြောတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲနီးလာသည့် ကာလတွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး အချို့တွင် NLD ပါတီအား မျိုးစောင့်ဥပဒေ လေးရပ်အား မထောက်ခံသည့် အတွက် မဲမပေးရန် မ.ဘ.သ အဖွဲ့များက ကြေညာစာတမ်းများ ဝေငှာခြင်း ၊ ဟောပြောခြင်းများပြုလုပ်နေခြင်း ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မဲ ဆန္ဒရှင်ပြည်သူများ တွေ့ဆုံသည့် ခရီးစဉ် အား နှောက်ယှက် အစီအစဉ်ရှိကြောင်း သတင်းများပေါ်ထွက်နေကြောင်း သိရသည်။

NLD ပါတီ ကို မဲ မပေးရန် အတွက် မ .ဘ.သ ဗဟိုအဖွဲ့ဝင် မြတောင် ဆရာတော်က စက်တင်ဘာလ (၂၀) ရက်နေ့က ပုသိမ်မြို့တွင် ပြုလုပ်သည့် မျိုးစောင့် ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် တက်ရောက်လာသော ဆရာတော် သံဃာတော်များနင့် လူပုဂ္ဂိုလ် (၁၅၄၂၇) ဦးအား တိုက်တွန်း ပြောကြားခဲ့ခြင်းများ ရှိကြောင်း သတင်းမီဒီယာများ တွင် ဖော်ပြချက်အရ သိရသည်။

''အစ္စလာမ် ဘာသာ ပံ့ပိုးပေးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူးလား'' ဟု မြတောင် ဆရာတော်က မိန့်ကြားခဲ့ပြီး တက်ရောက် လာသူများက ''မပေးပါဘူး ဘုရား'' ဟု ပြန်လည် လျှောက် တင်ခဲ့သည်။ ထို့နောက် မြတောင်ဆရာတော်က 'ဘယ်ပါတီလဲ' ဟု ဆက်လက်မေးရာ တက်ရောက်လာ သူများက “ NLD ပါတီပါ ဘုရား'' ဟု ဖြေကြားရာ ဆရာတော်က ''အေး ကိုယ့်ဘာသာ သိ'' ဟု မိန့်ကြား ခဲ့သည်ဟု ဆိုသည်။

အဆိုပါ အခမ်းအနားတွင်(မ ဘ .သ)ဗဟိုဥက္ကဌ ဆရာတော် ဘဒ္ဒန္တတိလောက ဘိဝံသမှ သ၀ဏ်လွှာ တစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာတွင် မျိုးစောင့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းရာတွင် မထောက်ခံသူများ၊ ကန့်ကွက်သူများ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ သွားပါက မြန်မာ့ မျိုးစောင့် ဥပဒေ ကို ဧကန်မုချ ဖျက်ပစ်ကြမည် ဖြစ်သဖြင့် မျိုးစောင့် ဥပဒေကို ဖျက်ဆီးမည့်သူများ အားရှောင်ကွင်း၍ မျိုးစောင့် ဥပဒေကို ကာကွယ်မည့် သူများကို ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရန် တိုက်တွန်း ထားသည်။

ထိုကဲ့သို့ မဟုတ်မမှန် ထိုးနှက်ပြောဆိုချက်များဖြင့် ပတ်သက်၍ စက်တင်ဘာ ၂၁ ရက်နေ့က မဆယ်ဆိပ်ခရီးစဉ် အတွင်း ဒေသခံပြည်သူ တစ်ဦး ၏ မေးမြန်းမှုအား ထိုသူများ၏ စေတနာ မမှန် မုသားစကားများဖြင့် ဥပဒေ ချိုးဖောက်ကာ လိမ်လည်လှည့်ဖြားပြီး မဲဆွယ်စည်းရုံးနေမှုကို လုံးဝ အယုံအကြည်မရှိရန် ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့သည်။

သူမက “၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ထောက်ခံမှုနဲ့တက် လာရင် NLD က ပြည်သူ မကြိုက်တဲ့ ကိစ္စတွေ လုပ်မယ်လို့ထင်လား၊ ဒီလို စည်းရုံးမှုတွေကို ဘာဖြစ်လို့ယုံကြည်နေကြတာလဲ။ ဒီလို စည်းရုံးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူး။ ဒါ လိမ်လည် လှည့်ဖြားပြီးတော့ စည်းရုံးတယ်ဆိုတာ ဥပဒေနဲ့ငြိပါတယ်။ ကိုယ့်ကို လှည့်ဖြားချင်လို့ ခြိမ်းခြောက်ပြီး စည်းရုံးတဲ့ သူတွေဟာ စေတနာလည်း မမှန်ဘူး၊ မုသားလည်း ပါတယ်၊ ဥပဒေကိုလည်း ချိုးဖောက်တယ်။ ဒီလို စည်းရုံးမှုတွေကြောင့်မို့လို့ လုံးဝ စိတ်မ၀င်စားနဲ့" ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ အစိုးရသည် ဒီမိုကရေစီစနစ်အောက်တွင် ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့် မကိုက်ညီပါက ဘာမှမဖြစ်နိုင်ကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် အမုန်းပွားစေသည့် ကိစ္စများကို မပြော ဆိုရန် တားမြစ်ထားကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့သည်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းတစ်ခု အသုံးချ ကာ သွေးခွဲခြင်းနှင့် ပဋိပက္ခဖြစ် ပေါ်နိုင်ခြင်းများအတွက် စိုးရိမ် ပူပန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး ၉ ခုဖြစ်သည့် သြစတေးလျ ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ပြင်သစ် ၊ နော်ဝေး ၊ ဂျပန် ၊ ဆွီဒင် ၊ ဗြိတိသျှ နှင့် အမေရိကန် သံရုံး များက ပူးတွဲကြေငြာချက်တစ်စောင်ကို စက်တင်ဘာ ၁၅ ရက် က ထုတ်ပြန် ခဲ့သည်။

သတင်း - စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment

My Blog List