Thursday, September 24, 2015

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ၎င်း၏ဇနီး နာမည်ပေါက်ဖြင့် သိမ်းဆည်းထားသည်ဆိုသော လယ်ယာမြေများအား မည်ကဲ့သို့ ဖြေရှင်းပေးရန်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦး၏ မေးမြန်းမှုအပေါ် တိကျစွာ ဖြေကြားခဲ့ခြင်း မရှိ


ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ၎င်း၏ဇနီး နာမည်ပေါက်ဖြင့် သိမ်းဆည်းထားသည်ဆိုသော လယ်ယာမြေများအား မည်ကဲ့သို့ ဖြေရှင်းပေးရန်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦးက မေးမြန်းခဲ့သော်လည်း တိကျစွာ ဖြေကြားခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၃ ရက်က ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ၌ မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ဂူနှစ်လုံးဆည်စုကျေးရွာမှ တောင်သူ ဦးခင်မောင်တင့်က ၎င်း၏ လယ်ယာမြေများကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ဇနီး အမည်ပေါက်ဖြင့် သိမ်းဆည်းထားသည်ဟု သိရှိထားသဖြင့် ဦးမြင့်လှိုင်အား မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သိမ်းဆည်းခံတောင်သူ ဦးခင်မောင်တင့်က လုပ်ကွက် အမှတ် ၀၇၂၊ ကွင်းအမှတ် ၁၈၇၅ အား ၂၀၁၁ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး နယူးဧရာ ကုမ္ပဏီက ခြံစည်းရိုးခတ်ရာတွင် ကုမ္ပဏီဝန်ထမ်းက အဆိုပါမြေအား ၂၀၁၄ ခုနှစ် ဧပြီလတွင် ၀ယ်ထားပြီးဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ကြားညှပ်မခံနိုင်သည့်အတွက် သိမ်းဆည်းခဲ့သူကိုသာ မေးမြန်းရန် ပြောဆိုခဲ့သောကြောင့် ထိုသို့ ဦးမြင့်လှိုင်အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။



ယင်းသို့ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “အကြမ်းဖျင်း ကျွန်တော်ပြောပြမယ်။ သရက်ဇုန်တွေ၊ သစ်တောနယ်မြေတွေ၊ ဒီနေရာတွေဟာ သစ်တောမြေထဲမှာပဲ စာရင်းပေါက်ပါတယ်။ ခေတ်အဆက်ဆက်က မြေယာဥပဒေတွေ ကျွန်တော်တို့ ပြဋ္ဌာန်းပေးနိုင်တဲ့အတွက် ဒီနေ့ လူတွေဟာ ပြောခွင့်၊ တောင်းဆိုခွင့်တွေ ရရှိလာပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေနှင့် ညီညွတ်စွာ သက်ဆိုင်ရာကနေ ဖြေရှင်းပေးပါလိမ့်မယ်။ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အမှုဖွင့်ပါ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။



ဦးခင်မောင်တင့်က “ဒေါ်ခင်သန့်ဇင် နာမည်ပေါက်နဲ့ သိမ်းထားတာ ၄၃ ဧက ရှိတယ်။ ကျွန်တော်က ငါးဧက ပါတယ်။ လျော်ကြေးကတော့ ပေးထားတဲ့သူ လေးဦးလောက်တော့ ရှိတယ်။ အချိန်မရှိ အခါမရှိ တိုးတိုးတိတ်တိတ် ပေးထားတာတွေ ရှိတယ်။ ၀န်ကြီးဖြေတာ ကျွန်တော် အားရမှု မရှိဘူး။ ကျွန်တော် သူ့ကို ဒီနေရာမှာ လုပ်ကွက်အမှတ်နဲ့ ကွင်းနံပါတ်ပြောရင် သူသိပြီးသားပဲ။ သူသိမ်းထားတာကို။ သူသိမ်းထားတာဗျာ သူပြေလည်အောင် လုပ်ပေးပါမယ်လို့ မပြောသွားတဲ့အတွက် အားမရဘူး။ ထပ်မေးချင်သေးတယ်။ မရတော့လို့ ၀န်ကြီး ၂၀၁၀ ကနေ ၂၀၁၅ အစိုးရသက်တမ်းလည်း ကုန်တော့မယ်။ ကျွန်တော် တောင်သူတွေကို ဖြေရှင်းဆောင်ရွက်ပေးခဲ့မှု ရှိ၊ မရှိ ထပ်ပြီး မေးချင်ပါသေးတယ်” ဟု ပြောကြားသည်။



အလားတူ အဆိုပါ ဟောပြောပွဲသို့ ဦးမြင့်လှိုင်နှင့် ၎င်း၏ဇနီး သိမ်းဆည်းခဲ့သည်ဆိုသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံ ဒေသခံ တောင်သူ ၁၅ ဦးခန့်က လာရောက်ခဲ့သော်လည်း တစ်ဦးသာ မေးမြန်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။



ထို့အတူ ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောသည့် နေရာများသို့ အဆိုပါတောင်သူ ၁၅ ဦးသည် လိုက်ပါမေးမြန်းခဲ့သော်လည်း ယခုတစ်ကြိမ်တွင် တစ်ဦးသာ မေးမြန်းခွင့် ရရှိခဲ့ပြီး တိကျသည့်အဖြေ မပေးသည့်အတွက် အဖြေအား ကျေနပ်မှု မရှိကြောင်း ဒေသခံများက အခမ်းအနားအပြီး သတင်းမီဒီယာများ မေးမြန်းးချက်ကို ပြန်လည်ဖြေကြားသည်။



“၂၀၁၀ ခုနှစ် သြဂုတ်လကတည်းက စပြီး အသိမ်းခံခဲ့ရတယ်။ ဆည်မြောင်းတံဆိပ်တွေနဲ့ လာပြီး သိမ်းတယ်။ သိမ်းပြီး နောက်ငါးလ အကြာမှာ တောင်သူတွေက သူတို့ဆီကို သူများနှင့် တန်းတူညီမျှ နစ်နာကြေးရလိုကြောင်း စာတင်တဲ့အခါ ကုမ္ပဏီနာမည် ပြောင်းလိုက်တယ်။ ကျွန်တော်တို့က ဘယ်သူ့ကိုပဲ စာတွေ ထပ်ကာထပ်ကာ တင်တင် ဘယ်သူကမှ ဖြေရှင်းပေးမှု မရှိဘူး။ အဲဒီခြံက အများပြည်သူပြောတာ ဦးမြင့်လှိုင်ခြံလို့ပဲ ပြောတယ်။ သိမ်းကုမ္ပဏီခြံလို့တော့ ဆိုင်းဘုတ်ပြောင်းထားတယ်။ တခြားသိမ်းထားတဲ့ ဗိုလ်ချုပ်တွေ၊ ဌာနဆိုင်ရာ အသီးသီးက သိမ်းပေမယ့်လည်း အကုန် နစ်နာကြေးပေးတယ်။ ဦးမြင့်လှိုင်တို့ ဇနီးမောင်နှံက ပြည်သူလူထုကို ဘာမှပေးကမ်း စွန့်ကြဲခြင်း မရှိဘူး။ လယ်ယာမြေ စုစုပေါင်း ၁၃၀ ကျော်လောက် ရှိတယ်” ဟု လယ်ယာမြေ ၃၃ ဧက သိမ်းဆည်းခံရသူ ကိုဇော်လင်းအောင်က ပြောကြားသည်။  ဒေသခံများ အနေဖြင့် ဦးမြင့်လှိုင်အား ခိုင်မာသော အချက်အလက်များဖြင့် ဆက်လက်တင်ပြရန် အစီအစဉ် ရှိသော်လည်း ပွဲအစီအစဉ်အား ချက်ချင်း ရပ်နားခဲ့ကြောင်းကို ဇော်လင်းအောင်က ဆက်လက်ပြောကြားသည်။



ထို့ပြင် “နိုင်ငံရေး သမားတွေက ဒီမိုကရေစီ ကူးပြောင်းတဲ့ အခါမှာ အာဏာ တအားလိုချင်တဲ့ အခါကျတော့ အာဏာရူးတာလည်း တော်တော်ကြောက်ဖို့ ကောင်းတယ်။ ပြည်သူတွေ ဆင်းရဲတာတွေကို နားမလည်ဘူး။ ပြည်သူတွေကို ဆူပူလာအောင်၊ အုံကြွလာအောင်၊ လမ်းပေါ်ထွက်လာအောင်၊ နိုင်ငံတော်က အမျိုးသားဥပဒေ ပြဋ္ဌာန်းပေးတာကို စေတနာနဲ့ ကျွန်တော့်လိုပေါ့။ ကျွန်တော်က တောင်သူလယ်သမား ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ လုပ်တယ်။ တောင်သူလယ်သမားတွေ တအားကျေနပ်အောင် လုပ်ပေးနိုင်တဲ့ အတွက်ကြောင့်  ပြဿနာရှာလို့ မရဘူး။ တောင်သူလယ်သမားတွေကိုလည်း သူတို့ဆူအောင် လုပ်တာပဲ” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။



ဆက်လက်၍ “ပညာရေးဥပဒေကျတော့ ပြဿနာရှာပြီး ကျောင်းသူ၊ ကျောင်းသားတွေ လမ်းပေါ်ထွက် ဆ္ဒပြအောင်လုပ်တာ တော်တော် အန္တရာယ်ကြီးတယ်။ အဲဒါ ဖြတ်လမ်းနည်းကနေ အာဏာလိုချင်လို့ လုပ်တာ။ လူတွေကို ၂၀၁၅ ကို မစောင့်နိုင်တော့ဘူး။ ရွေးချယ်တင်မြှောက်တာကို မစောင့်နိုင်တော့ဘူး။ တိုင်းပြည် မတည်ငြိမ်မှ၊ မငြိမ်းချမ်းမှ၊ လမ်းပေါ်ထွက် ဆန္ဒပြမှ၊ အစိုးရ အုပ်ချုပ်မှု ယန္တရားကြီး ရပ်သွားမှ၊ ငါတော့ သမ္မတဖြစ်ကောင်းရဲ့၊ ငါတော့ ပညာရေးဝန်ကြီး တက်လုပ်မယ်၊ ငါတို့ လယ်ဆည်ဝန်ကြီး လုပ်မယ်” ဟု ၎င်းက ပြောကြားသည်။



ဦးမြင့်လှိုင်က “ဒီမိုကရေစီဆိုတာ ပြည်သူကို ပြန်အလုပ်အကျွေး ပြုရမယ်။ ပြည်သူက အရွေးမမှားဖို့ လိုတယ်။ ဘယ်လောက်ပဲ အမျိုးကို ချစ်တယ် ချစ်တယ်ပဲ ပြောပြော။ ဘယ်လောက်ပဲ တိုင်းပြည်ကို ချစ်တယ် ချစ်တယ်ပဲ ပြောပြော။ သူယူထားတာက ချစ်တီး ကုလားကြီးဆိုရင် ဖြစ်နိုင်သေးလား။ ခင်ဗျားဗျာ တိုင်းပြည်ကို ချစ်တယ်။ အမျိုးကို ချစ်တယ်ဆိုတာ သူညာနေတာပဲဗျ။ ဒါ လိမ်ညာနေတာ ကျွန်တော်တို့က နားလည်တယ်။ ကျွန်တော့်ဇနီး၊ သားသမီးတွေကို ခေါ်လာတယ်။ ကျွန်တော်ရဲ့သားကို လူပုံအလယ်မှာ ရဲရဲတင်းတင်းနဲ့ ခေါ်လာရဲတယ်။ ကျွန်တော် သူများကို ပုတ်ခတ်ချင်တာ မဟုတ်ဘူး။ ပြည်သူတွေကို နားယောင်အောင် လုပ်တာကို ပွင့်ပွင့်လင်းလင်း ပြောမှရမှာ။ ဒါကို ခင်ဗျားတို့ သိကို သိရမယ်။ ဒါဆိုခေါ်ခဲ့ဗျာ။ ဘာကြောင့် ကျွန်တော်ပြောသလဲဆိုရင် တိုင်းပြည်အတွက် ရင်လေးလို့ ပြောတာ” ဟု တက်ရောက်လာသည့် ဒေသခံ ပြည်သူများအား မဲဆွယ်စည်းရုံးရာတွင် ထည့်သွင်းပြောကြားသည်။



ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်၏ မိသားစုသည် Myint Zeya Family ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။



ယင်းအပြင် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များအတွင်းရှိ လယ်ယာမြေများ ကုမ္ပဏီ ၁၆ ခုမှ အကျိုးတူပေါင်းစည်း လယ်ယာလုပ်မည်ဟု ဆိုကာ ၂၀၀၈ ခုနှစ်က သိမ်းယူ လုပ်ကိုင်ခဲ့စဉ်ကလည်း ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွှယ်သော မြင့်ဇေယျာ ကုမ္ပဏီ အမည်ဖြင့် လယ်ဧက ၃၈၀၊ ဆင်းရွှေလီ အမည်ဖြင့် လယ်ဧက ၆၀၀ တို့ကို ရယူလုပ်ကိုင်ခဲ့ကြောင်းလည်း ယခင် ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရသည်။ 


Eleven Media Group

No comments:

Post a Comment

My Blog List