Thursday, September 24, 2015

ကရင်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်ထားမှု ခရစ်ယာန် ဘာသာဝင်များ ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဟုဆို


ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မီဇိုင်းကျေးရွာရှိ ၁၉၁၉ ခုနှစ်က တရားဝင် တည်ဆောက်ခဲ့သည့် ကရင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း အတွင်း ၂၀၁၅ ခုနှစ်၊ သြဂုတ် ၂၁ ရက်က စေတီလာရောက်တည်ခြင်းနှင့် ပတ်သက် ၍ ခရစ်ယာန်ဘာသာဝင်များ ကျေနပ်သည်အထိ ကိုယ်တိုင်ဖြေရှင်းပေးမည် ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကတိပေး ထားကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့်ပက်သက်၍ ဖြေရှင်းပေးရန် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးစိုးဝင်း ကို မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် (MBC) ဘာသာရေးခေါင်းဆောင်များက စက်တင်ဘာ ၇ ရက် က သွားရောက်တွေ့ဆုံခဲ့ရာတွင် မြိုင်ကြီးငူဆရာတော်ကို ၎င်း ကိုယ်တိုင်လျှောက်ထားပေးမည် ဖြစ်ကြောင်း၊ ခရစ်ယာန် ဘာသာဝင်များ ကျေနပ်သည်အထိ ကိုယ်တိုင် ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့ကြောင်းသိရသည်။

ဘုရားရှိခိုးကျောင်းဝင်းအတွင်း စေတီတည်ခြင်းအပေါ် ဘာသာရေး အခြေခံ သည့် ပြဿနာများပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများရှိနေပြီး ရွေးကောက်ပွဲ မတိုင်မီ ပဋိပက္ခဖြစ်စေရန် ဖန်တီးမှုအဖြစ် သံသယရှိနေမှုများလည်း ရှိနေကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဦးရဲထွဋ်ကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနက ၀င်ရောက်ဖြေရှင်းပေးနေသည် ဟုသာ ပြောဆို ထားသည်။

အဆိုပါစေတီကိုတည်ရန် ညွှန်ကြားထားသည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဦးသုဇနကို မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (MBC) မှ ခေါင်းဆောင်များက စက်တင်ဘာ ၁၁ ရက်တွင် သွားရောက်တွေ့ဆုံ လျှောက်ထားခဲ့ကြသော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

ယင်းကို အကြောင်းပြု၍ ဘာသာဝင် နှစ်ခုအကြား ပြဿနာများဖြစ်ပေါ် လာမည် ကို ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကောင်စီတို့ကလည်း စိုးရိမ်လျက် ရှိနေသည်။

ကျောင်းဝင်းအတွင်း စေတီတည်ပြီးနောက် သံဃာတော်များက အသံချဲ့စက် အသုံးပြု၍ ပဋ္ဌာန်းရွတ်သဖြင့် ခရစ်ယာန်ဘာသာဝင်များသည် ဘုရားရှိခိုးရန် နေရာကို ပြောင်းရွှေ့လိုက်ရကြောင်း သင်းအုပ် ဆရာတော်က ပြောသည်။

“ပြဿနာဖြစ်အောင် သိသိကြီးနဲ့ လုပ်တဲ့ကိစ်္စမို့လို့ ပြဿနာတော့ဖြစ် လာမယ် မထင်ဘူး။ ဒီလို တခြားဘာသာရဲ့ ၀င်းနေရာထဲမှ စေတီတည် တာကို ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေကလည်း သဘောကျမှာ မဟုတ် ပါဘူး၊ မြတ်စွာဘုရားကလည်း ဒါမျိုးလုပ်ခိုင်း မှာမဟုတ်ပါဘူး။ ဘာသာပဲဖြစ်စေ၊ လူမျိုးပဲဖြစ်စေ မတူညီတာတွေကို အချင်းချင်း အပြန်အလှန် လေးစားရ ပါမယ်။ ဒါက ဒီမိုကရေစီပါပဲ၊ ခေတ်စနစ်တစ် ခုပြောင်းနေတဲ့ အချိန်မှာ ဒါကပိုလို့အရေးကြီးပါသေးတယ်” ဟု ဘာသာရေး လိုက်စားသည့် ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ဦးက ပြောသည်။

မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ်အတွင်း သြဇာလွှမ်းမိုးမှု ရှိသည့် ဘုန်းကြီးတစ်ပါးဖြစ်ပြီး ကရင်လက်နက်ကိုင်များဖြစ်သည့် ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသားတပ်မတော် DKBA နှင့် ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တို့ အပေါ်တွင် သြဇာညောင်းသော ဆရာတော် တစ်ပါး ဖြစ်သည်။

The Ladies News Journal

No comments:

Post a Comment

My Blog List