Thursday, September 24, 2015

Tomorrow သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၂၈ တွင် ဖော်ပြခဲ့သော “KIO အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူး” သည် အမှန်တကယ် မေးမြန်းခြင်း မရှိဘဲ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အို အကြောင်းကြားစာ ပို့ခဲ့



Tomorrow သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၂၈ တွင် ဖော်ပြခဲ့သော “KIO အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူး” သည် အမှန်တကယ် မေးမြန်းခြင်း မရှိဘဲ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုကိစ္စရပ်အတွက် Tomorrow သတင်းဂျာနယ်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့ဝင် တစ်ဦးက အတည်ပြုခဲ့ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်ထုတ် Tomorrow သတင်းဂျာနယ် မျက်နှာဖုံးတွင် စစ်ဝတ်စုံ ၀တ်ဆင်ထားသော ဗိုလ်ချုပ်ကြီး အင်ဘန်လ ဓာတ်ပုံဖြင့် “KIO အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူး” ဟူ၍ ဖော်ပြပြီး တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကို စာမျက်နှာ ၁၄ ၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။



Tomorrow ဂျာနယ်၏ အဆိုပါ ဖော်ပြချက်နှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အကြောင်းကြားစာ တစ်ရပ်ကို ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက စက်တင်ဘာ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ထိုးပြီး Tomorrow ဂျာနယ်သို့ ပေးပို့ခဲ့သည့်အပြင် စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာဂျာနယ်လစ် ကွန်ရက်နှင့် ကေအိုင်အို ဗဟိုအဖွဲ့ထံသို့ မိတ္တူ  ပေးပို့ခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မခွန်ဂျာ၏ Facebook စာမျက်နှာ၌ တရားဝင် ဖော်ပြထားချက်အရ သိရှိရပါသည်။



KIO နည်းပညာ အကြံပေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး၏ အကြောင်းကြားစာတွင် “ကေအိုင်အိုမှ တာဝန်ရှိသူများနှင့် ကချင်လူထု တွေ့ဆုံ ရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့၊ ရန်ကုန် ကချင်နှစ်ခြင်း အသင်းတော်တွင် ည ၆ နာရီခွဲမှ ၉ နာရီခွဲ ၀န်းကျင်ထိ ပြုလုပ်ခဲ့ပါသည်။ ကချင်ဘာသာဖြင့် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ကြိုးစား တက်ရောက်ခဲ့ကြသည့် မီဒီယာများ ရှိခဲ့ပြီး သတင်း ဖော်ပြပေးခဲ့မှုများကိုလည်း အသိအမှတ် ပြုပါသည်။



သို့သော်လည်း တူမောရိုး သတင်းဂျာနယ်၏ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော No.28, Volume-2 ဂျာနယ်တွင် (၁) ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အပြန်အလှန် တွေ့ဆုံမေးမြန်း ဖြေဆိုထားခြင်း မရှိပါဘဲလျက် မေးမြန်းခွင့် ရခဲ့သည့်သဖွယ် လီဆယ် ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အနေနှင့် ၎င်း၏ ခရီးစဉ် တစ်လျှောက်လုံးတွင် မည်သည့် မီဒီယာနှင့်မျှ တိုက်ရိုက်တွေ့ဆုံ ဖြေဆိုခြင်း မရှိခဲ့ပါ (၂) ယင်းတွေ့ဆုံပွဲတွင် ၀တ်ဆင်ထားခြင်း မရှိသည့် စစ်ဝတ်စုံဖြင့် တွဲလျက် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်” ဟု ဖော်ပြခဲ့သည်။



ထို့နောက် “တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသည့် အချိန်တွင် တူမောရိုး ဂျာနယ်မှ ၎င်း၏ အပတ်စဉ်ထုတ် ဂျာနယ်တွင် ယခုကဲ့သို့ သတင်းတင်ဆက်ပုံ မှားယွင်း ဖော်ပြခြင်းသည် လက်ရှိ အခြေအနေကို ပိုမို ရှုပ်ထွေးစေနိုင်သလို မလိုလားအပ်သည့် ပြဿ နာများလည်း ဖြစ်ပေါ်လာနိုင်ပါသည်” ဟု ဆက်လက်ဖော်ပြခဲ့ကာ “တူမောရိုးဂျာနယ် အနေဖြင့် အထက်ဖော်ပြပါ အပိုဒ် (၁) နှင့် (၂) တို့နှင့် စပ်လျဉ်းပြီး ဖော်ပြထားမှုကို တူမောရိုးဂျာနယ်၏ အနီးဆုံး ထွက်ရှိမည့် ဂျာနယ်အပတ်စဉ်တွင် တောင်းပန်လွှာနှင့် အမှားပြင်ဆင်ချက် ထည့်သွင်းခြင်းဖြင့် ဖြေရှင်းပေးပါရန် အကြောင်းကြား အပ်ပါသည်။ လူထုတွေ့ဆုံပွဲတွင် ပြောကြားထားချက်များကို အများပြည်သူ ကျယ်ပြန့်စွာ သိနိုင်ရန် တူမောရိုး ဂျာနယ်တွင် ဖော်ပြပေးမှုကိုလည်း အသိအမှတ် ပြုအပ်ပါသည်” ဟု အကြောင်းကြားစာ၌ ရေးသားခဲ့ပါသည်။



အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး Tomorrow ဂျာနယ်သို့ The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာ ပထမအကြိမ် ဖုန်းဖြေဆိုသူက “အဲဒီ သတင်းကို ပြန်လည် ဖြေကြားပေးမယ့် အယ်ဒီတာအဖွဲ့က အပြင်သွားနေလို့” ဟု ဖြေဆိုခဲ့ပြီး ဒုတိယ ထပ်မံ ဆက်သွယ်ရာတွင် နောက်တစ်ဦးက “အဲဒီ သတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖြေကြားလို့ မရပါဘူးတဲ့” ဟု ပြောကြားခဲ့ပါသည်။



သို့သော် မခွန်ဂျာ၏ Facebook တွင် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး KIO နည်းပညာ အကြံပေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးထံသို့ Tomorrow ဂျာနယ်၏ မန်းနေးဂျင်းအယ်ဒီတာ ဒေါ်သဲစုလှိုင်က ပြန်လည်ပေးပို့ခဲ့သော အီးမေးလ် တစ်စောင်ကို ဖော်ပြထားပါသည်။



အဆိုပါ အီးမေးလ်တွင် ပါရှိချက်များအရ Tomorrow ဂျာနယ်ပါ အင်တာဗျူးမှာ သတင်းထောက်နှင့် အယ်ဒီတာအကြား နားလည်မှု လွဲမှားစွာ ဖော်ပြမိခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ဝတ်စုံဖြင့် ဓာတ်ပုံအား အသုံးပြုခြင်းမှာ ပိုမိုခန့်ညား ပေါ်လွင်စေရန်ဟူသော စိတ်ဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု လွဲမှားမှုသည် သတင်းထောက် တစ်ဦးမှာသာ တာဝန်ရှိသည် မဟုတ်ဘဲ မိမိတို့ အယ်ဒီတာအဖွဲ့၏ ပေါ့လျော့မှုနှင့် စေတနာလွန်ကဲမှုကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။



ကေအိုင်အို၏ အကြောင်းကြားစာတွင် ဖော်ပြထားချက်များအရ Tomorrow ဂျာနယ်တွင် ကာယကံရှင်ကို မေးမြန်းခဲ့ခြင်း မရှိဘဲ ဖော်ပြခဲ့သော အင်တာဗျူးသည် စာနယ်ဇင်း ကျင့်ဝတ်များကို ချိုးဖောက်ရာ ရောက်နေသည်။



ထို့အပြင် အဆိုပါ အင်တာဗျူး၌ မည်သည့် နေရာတွင် တွေ့ဆုံခဲ့သည်ဆိုသော စာနယ်ဇင်းပညာ အခြေခံ ဘခြောက်လုံးကို ပစ်ပယ်ထားပြီး သုံးစွဲခဲ့သည့် ဓာတ်ပုံမှာလည်း ကချင်လူငယ် တစ်ဦးက လိုင်ဇာတိုင်းရင်းသား ညီလာခံတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံကို ခွင့်ပြုချက် မယူဘဲ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။



မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သတင်းသမားများ လိုက်နာရမည့် စာနယ်ဇင်းကျင့်ဝတ် အချက် ၁၅ ချက်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။



အဆိုပါ အချက်များထဲမှ သတင်းမီဒီယာ တစ်ခုက ဖော်ပြသော သတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရန်နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ်ရမည်ဆိုသော အချက်နှင့် သူတစ်ပါး ဖန်တီးထားသော သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက် မရဘဲ ကူးယူဖော်ပြခြင်း မပြုရန်နှင့် ခွင့်ပြုချက် ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ်ကို ဖော်ပြပေးရမည် ဆိုသော  အချက်များကို Tomorrow ဂျာနယ်၌ ဖော်ပြထားသော အဆိုပါ အင်တာဗျူးက ချိုးဖောက်ထားပါသည်။



Tomorrow ဂျာနယ်၏ Board of Director တစ်ဦးဖြစ်သော ဦးဇော်သက်ထွေးသည် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး သတင်းသမားများ လိုက်နာ စောင့်ထိန်းရမည့် Code of Ethic၊ Code of Conduct နှင့် Media Law၊ Press Law ရေးဆွဲမှုများတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။



ထို့အပြင် ၂၀၁၄ ခုနှစ် မတ်လအတွင်းကလည်း “သတင်းမီဒီယာသမားတွေကို မေးချင်တယ်” ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို Tomorrow ဂျာနယ်မှာပင် ရေးသားပြီး မေးခွန်းထုတ်ခဲ့သူ တစ်ဦး ဖြစ်သည်။



အဆိုပါ ဆောင်းပါးတွင် “လက်ရှိ အခြေအနေမှာတော့ ကျင့်ဝတ်ချိုးဖောက်မှုတွေဟာ နေ့စဉ်နဲ့အမျှ မမြင်ချင် အဆုံးပါပဲ။ အင်တာဗျူးတွေလုပ်ပြီး ကိုယ်လိုချင်တဲ့ အချက်လက်တွေ ပိုင်းပြီးယူတယ်။ တယ်လီဖုန်းထဲက အာလာပသလ္လာပ ပြောတာတွေ၊ Off the Record ပြောတာတွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက် မပါဘဲ သတင်းလုပ်တယ်။ ပြောဆိုသူရဲ့ ရည်ရွယ်ချက် အဓိပ္ပာယ်တွေကို ပြောင်းပြန် ပြန်ရေးတယ်။ မှားသွားတဲ့ အခါမှာလည်း လွယ်လွယ်ကူကူပဲ တောင်းပန်လိုက်တယ်။ အခုဆိုရင် တချို့သော သူတွေဟာ မီဒီယာ သမားတွေနဲ့ တွေ့ဆုံရမှာကို ကြောက်နေပြီလို့တောင် ဆိုပါတယ်။ ဒီအခြေနေကြောင့် မီဒီယာဝန်းကျင် တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်” ဟု ဦးဇော်သက်ထွေးက ရေးသားခဲ့သည်။



ဦးဇော်သက်ထွေးက ယင်းကဲ့သို့ ရေးသားခဲ့သော်လည်း Tomorrow ဂျာနယ်က ဖော်ပြခဲ့သော ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူးသည် ဦးဇော်သက်ထွေး ပြောဆိုခဲ့သော ဖောက်ဖျက်မှုများနှင့် မတူပဲ အမှန်တကယ် မေးမြန်းခဲ့ခြင်း မရှိသည်ကို ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။



Tomorrow ဂျာနယ် အနေဖြင့် ကောင်းခါးကျေးရွာမှ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက “DNA စစ်ဆေးချက်အရ ကချင်ဆရာမ နှစ်ဦးကို သတ်သူသည် ကျေးရွာအတွင်းမှ လူငယ်တစ်ဦး ဖြစ်နေသည်ဟုဆို” သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး အဆိုပါသတင်း မှားယွင်းနေကြောင်း မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်တို့မှ ပြောဆိုခဲ့သော်လည်း ကာကယကံရှင်များဘက်က တောင်းပန်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့ခြင်း မရှိသဖြင့် တောင်းပန်ခြင်း မပြုခဲ့ပေ။



သို့သော် အခြားသတင်း မှားယွင်း ဖော်ပြမှုများအတွက် တောင်းပန်ချက်များကို Tomorrow ဂျာနယ်၌ မကြာခဏ တွေ့မြင်နေရပါသည်။



အနီးစပ်ဆုံး အနေဖြင့် Tomorrow ဂျာနယ် အတွဲ ၂၊ အမှတ် ၁၀ တွင် “တိုက်သူက NLD၊ လိုက်သူက ကြံခိုင်ရေး၊ သေသူက တပ်ကြပ်ကြီး” သတင်း၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ကားပေါ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန် စီးနင်းလိုက်ပါခဲ့သည်ဟု မှားယွင်း ဖော်ပြခဲ့ခြင်း၊ အဆိုပါ သတင်းမှာပင် အချက်အလက်များ မှားယွင်းနေခြင်း၊ တောင်ငူ နာရေးကူညီမှု အသင်းဝင်များမှာ ပရဟိတလုပ်ငန်း လုပ်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အနားယူခဲ့သူများ ဖြစ်နေခြင်း စသည့်အချက်များကြောင့် သက်ဆိုင်ရာ နာရေးပါတီများ၊ ကာကယံရှင်များနှင့် တောင်ငူနာရေးကူညီမှု အသင်းတို့အား တောင်းပန်ခဲ့ရသည်။



ထို့အပြင် Tomorrow ဂျာနယ် အတွဲ ၂၊ အမှတ် ၃ တွင် ဖော်ပြခဲ့သော “လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသော တပ်မမှူးသုံးဦးကို လက်ရှိရာထူးမှ ဖယ်ရှား” ဟူသော သတင်းမှာ မှားယွင်းနေသဖြင့် တပ်မတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အကြောင်းကြားခဲ့သောကြောင့် အဆိုပါ သတင်းတွင် တပ်မမှူး သုံးဦးကို လက်ရှိရာထူးမှ ဖယ်ရှား အစား တပ်မမှူးသုံးဦးကို တပ်မတော် တန်းမြင့်သင်တန်း ကျောင်းအုပ်ကြီးများအဖြစ် ပြောင်းရွှေ့ ခန့်အပ်လိုက်ကြောင်း ပြင်ဆင်ဖတ်ရှုရန် ထည့်သွင်းခဲ့ရသည်။



ထို့အတူ Tomorrow ဂျာနယ် အတွဲ ၁၊ အမှတ် ၄၇ တွင် ဖော်ပြခဲ့သော “အူရီဒူး ကြော်ငြာများကို တယ်လီနောက ဆွဲဖြုတ်သဖြင့် အချင်းများ” သတင်းတွင်လည်း အချက်အလက်များ မှားယွင်းနေသဖြင့် တောင်းပန်မှု ပြုလုပ်ခဲ့ရပါသည်။



ထို့အပြင် Tomorrow သတင်းဂျာနယ် အမှတ် ၁၊ အတွဲ ၆၊ မျက်နှာဖုံးတွင် ဖော်ပြခဲ့သော “ဆောက်လုပ်ရေးဝန်ကြီးကား တိုက်မိခဲ့သော ၁၂ နှစ်အရွယ် ကလေးသေဆုံးမှု ဘယ်သူ တာဝန်ယူမလဲ” သတင်းတွင်လည်း “ဆောက်လုပ်ရေးဝန်ကြီးကား” ဟူသော စာသား မှားယွင်းဖော်ပြမိခြင်း ဖြစ်သည့်အပြင် သတင်းအမှန်တွင် မကွေးတိုင်းဒေသကြီး အစိုးရဖွဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးကားဟု ယူဆရသော ယာဉ်မောင်း ဦးငြိမ်းမောင် မောင်းနှင်းလာသည့် ယာဉ်တိုက်မှု ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖော်ပြခဲ့ရပါသည်။


Eleven Media Group

No comments:

Post a Comment

My Blog List