Thursday, September 24, 2015

မကွေးတိုင်းအတွင်း ရေဘေးသင့်ကျေးရွာအချို့၌ စက်တင်ဘာ ၂၃ ရက်ထိ မဲစာရင်း မကြေညာနိုင်သေးဘဲ ကျေးရွာအချို့တွင် သွားလာရေး ခက်ခဲမှုကြောင့် မဲစာရင်းကြည့်ရန် အခက်အခဲများ ရှိနေ


မကွေးတိုင်းအတွင်း ရေဘေးသင့်ကျေးရွာအချို့၌ စက်တင်ဘာ ၂၃ ရက်ထိ မဲစာရင်း မကြေညာနိုင်သေးဘဲ ကျေးရွာအချို့တွင် သွားလာရေး ခက်ခဲမှုကြောင့် မဲစာရင်းကြည့်ရန် အခက်အခဲများ ရှိနေ၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသတွင်လည်း ရပ်ကျေး ကော်မရှင်များက နှိုးဆော်မှု မရှိ၍ မဲစာရင်း သွားရောက်ကြည့်ရှုသူ နည်းပါး

မကွေးတိုင်းအတွင်း ရာနှင့်ချီသော ရေဘေးသင့် ကျေးရွာများအနက် ပွင့်ဖြူ၊ ရေနံ ချောင်း၊ မင်းဘူး (စကု) မြို့နယ်သုံးခု၏ အစပ် ဧရာဝတီမြစ်နှင့် မုန်းချောင်းအကြားရှိ ကျေးရွာ အချို့တွင် ပုံမှန်မဲစာရင်း ကြေညာရမည့် ရက်ထက် ၁၀ ရက်နောက်ကျပြီး စက်တင်ဘာ ၂၃ ရက်အထိ မဲစာရင်းများ မကြေညာနိုင်သေးဘဲ စေတုတ္တရာမြို့နယ် မုန်းတမံ၏ အထက်ဘက်ရှိ ကျေးရွာအချို့တွင် သွားလာရေး ခက်ခဲမှုကြောင့် မဲစာရင်းကြည့်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။



စေတုတ္တရာမြို့နယ် မုန်းတမံ၏ အထက်ဘက်ရှိ အောင်း ကျေးရွာသည် အရှေ့ရွာနှင့် အနောက်ရွာ ဟု နှစ်ရွာရှိသည့်အနက် အောင်း အနောက်ရွာတွင်သာ မဲစာရင်းများ ကပ်ထားသောကြောင့် အရှေ့ရွာမှ သွားရောက် ကြည့်ရှုရန် ဗွက်နှင့် ရွှံ့များကြောင့် အခက်အခဲများ ရှိနေကြောင်း၊ ယင်းမြို့နယ်အတွင်း ထီးချောင်း နံဘေးရှိ ငလဲကျေးရွာနှင့် မုန်းချောင်းဘေးရှိ ပွင့်တောက် ကျေးရွာတို့တွင် နုန်းနှင့် သဲများပို့၍ ရွာလုံးကျွတ် ရွှေ့ပြောင်း ရမည်ဖြစ်သောကြောင့် မဲစာရင်းများကို စိတ်ဝင်စားမှု နည်းပါးကြောင်း၊ ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်ကမှ မဲစာရင်း ကြေညာခဲ့ပြီး စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ နည်းပါးခဲ့ကြောင်း၊ ဧရာဝတီမြစ်နှင့် မုန်းချောင်းအကြားရှိ ငါးလန္တာ၊ ငွေသောင်၊ ရှားတောစသည့် ကျေးရွာများတွင် ယင်းနေ့အထိ မဲစာရင်းများ မကြေညာ ရသေးကြောင်း သိရသည်။



“ကျွန်တော်တို့ မြို့နယ်ထဲမှာ နဂိုကတည်း ကလည်း သွားလာရေး ခက်ခဲတဲ့ ကျေးရွာတွေ ရှိတာကြောင့် မဲစာရင်း ကြည့်ဖို့ ခက်ခဲတာတွေ ရှိနေပါတယ်။ အောင်း ကျေးရွာမှာဆိုရင် နှစ်ရွာကွဲနေပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ စာရင်းပေါက်တဲ့ ရွာမှာပဲ မဲစာရင်း ကပ်ထားတော့ အရှေ့ရွာက အနောက်ရွာကို ကူးပြီး မဲစာရင်း သွားကြည့်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရေဘေးသင့်ခဲ့တဲ့ တချို့ရွာတွေမှာက ရွာထဲမှာကိုပဲ သဲနုန်းတွေ တင်ကျန်ခဲ့လို့ သွားလာဖို့ ခက်ခဲတာတွေရှိပါတယ်။ ကျေးရွာတချို့မှာ မဲစာရင်း မှားတာတွေလည်း ရှိနေပါတယ်။ ရေဘေးသင့် ကျေးရွာတွေမှာ ရွေးကောက်ပွဲကျရင် အခက်အခဲ အချို့လည်း ရှိနိုင်ပါတယ်။ အခုတော့ NGO အဖွဲ့တစ်ဖွဲ့က တာဝန်ခံ နှစ်ယောက်နဲ့ ကျေးရွာတွေမှာ ရွေးကောက်ပွဲ မဲပေး နည်းပညာပေးတွေ ဆောင်ရွက် နေကြပါတယ်” ဟု စေတုတ္တရာမြို့မှ ကိုကျော်အောင်လွင်က ပြောကြားသည်။



ရေနံချောင်းမြို့နယ် ငါးလန္တာကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက “ကျွန်တော်တို့ ရွာမှာရော နီးစပ်ရာ ရွာတွေမှာပါ ဒီနေ့ (စက်တင်ဘာ ၂၃ ရက်) အထိ မဲစာရင်းတွေ မကြေညာသေးပါဘူး။ ရွာတွေထဲမှာ ရေကျသွားပြီ ဆိုပေမယ့် ဗွက်တွေကျန်ခဲ့လို့ သွားလာရေး ခက်ခဲတာတွေ လည်းရှိနေပါတယ်။ ရေဘေးသင့် ကျေးရွာတွေမှာ ပုံမှန်ထက် တစ်ပတ် နောက်ကျပြီးမှ မဲစာရင်းတွေ ကပ်နိုင်မယ်လို့လည်း ပြောကြပါတယ်” ဟု ဆိုသည်။



ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ တောင်သူ ကိုဇော်ဇော်က “ကျွန်တော်တို့ရွာမှာ ဒီနေ့ (စက်တင်ဘာ ၂၃ ရက်) မှ မဲစာရင်းတွေ ကပ်ပါတယ်။ ဘာကြောင့် နောက်ကျ ရတာလဲတော့ မသိရပါဘူး။ အဲဒီလို နောက်ကျပြီးမှ ကြေညာမယ် ဆိုတာလည်း အသိပေးတာတွေ မရှိခဲ့ပါဘူး။ ရွာခံ တွေကလည်း ရေဘေးက နှစ်ကြိမ် ဆက်ကြုံခဲ့ပြီး ကမ်းပြိုတာတွေလည်း ကြုံနေရလို့ မဲစာရင်းတွေကို စိတ်ဝင်စားမှု နည်းကြပါတယ်” ဟုလည်း ပြောကြားသည်။



မကွေးတိုင်းအတွင်း ရေဘေးသင့် ကျေးရွာများအနက် စေတုတ္တရာမြို့နယ် မုန်းတမံ၏ အထက်ဘက်ရှိ ကျေးရွာအချို့နှင့် ဧရာဝတီမြစ်နှင့် မုန်းချောင်းအကြား ရေနံချောင်း၊ ပွင့် ဖြူ၊ မင်းဘူး (စကု) မြို့နယ်သုံးခု အစပ်ရှိ ကျေး ရွာများတွင် မဲစာရင်း အမှားများကို အချိန်မီ ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲ ကာလအတွက် အခက်အခဲများ ရှိနိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။



ထို့အတူ ရခိုင်ပြည်နယ် ကျေးလက် ဒေသတွင်လည်း ရပ်ကျေး ကော်မရှင်များက နှိုးဆော်မှု မရှိသဖြင့် မဲစာရင်းကို သွားရောက် ကြည့်ရှုသူ နည်းပါးပြီး မဲစာရင်းတွင် မပါဝင်သည့် သူများလည်း သွားရောက် ပြင်ဆင်ကန့်ကွက်ခြင်း အားနည်းနေကြောင်း သိရသည်။



“အခု ကျွန်တော်တို့ ဇင်ချောင်း ရွာမှာဆိုရင် မဲစာရင်းကို ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကပ်ထားတယ်။ သွားကြည့်တဲ့အခါ မဲစာရင်းမှာ သေဆုံးသူတွေရဲ့အမည်တွေ ပါဝင်နေတယ်။ ကျွန်တော် သိသလောက် ဆိုရင်တောင် မဲစာရင်းမှာ ပါဝင်သူ ၂၁၀၁ ဦး ရှိတဲ့အထဲမှာ သေဆုံးသူတွေ ခုနစ်ဦးလောက် တွေ့ခဲ့ရတယ်။ တခြား မဲပေးခွင့်ရှိသူ စာရင်းထဲ မပါတာရှိပေမယ့် လျှောက်ထားတာတို့ မရှိဘူး။ ဘယ်လို လျှောက်ရမယ်။ မဲတစ်ပြားကြောင့် အပြောင်းအလဲတွေ ဖြစ်သွားမယ် ဆိုတာကိုလည်း စိတ်မ၀င်စားဘူး။ မဲမပေးရလည်း ရှိပါစေဆိုတဲ့ လူတွေ အများကြီးရှိနေတယ်။ ဒါတွေကို ကျွန်တော်တို့ ပါတီ စည်းရုံးရေး ဆင်းတဲ့အခါတော့ မဲစာရင်းကြည့်ဖို့၊ မပါရင် လျှောက်ထားဖို့ဟာကို ပြောနေပါတယ်” ဟု ကျောက်ဖြူမြို့နယ်



ရခိုင်အမျိုးသား ပါတီ အောင်နိုင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးကျန်သိန်းအောင်က ပြောကြားသည်။



ထို့ပြင် ဘူးသီးတောင်မြို့နယ်အတွင်း ကျေးလက်ဒေသများ တွင် မဲစာရင်း ကပ်ထားသော်လည်း သွားမကြည့်သူများ ရှိနေပြီး မဲစာရင်းတွင် အက္ခရာအလိုက် စီထားသဖြင့် အိမ်ထောင်စု ၀င်များအား ရှာဖွေကြည့်ရှုရသည်မှာ အဆင်မပြေ ဖြစ်နေကြောင်းနှင့် မဲစာရင်းတွင် မပါဝင်သူများလည်း ရှိနေသေးကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ဆိုသည်။



“ကျွန်တော်တို့ မြောက်ပိုင်းက မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ ရခိုင် တိုင်းရင်းသားတွေ စုနေတဲ့ကျေးရွာတွေကို စည်းရုံးရေး ဆင်းတဲ့အခါ တွေ့ရတာကတော့ မဲစာရင်းကို အရေးတစိုက် သွားကြည့်တဲ့သူ နည်းတယ်။ မဲစာရင်းမှာ ပါလား မပါလား ဆိုတာနဲ့ ရွေးကောက်ပွဲမှာ မဲပေးရမယ် ဆိုတာကိုလည်း သိပ်စိတ်ဝင်တစား မတွေ့ရဘူး။ ဒါ့အပြင် မဲ ဘယ်လို ပေးရမလဲ ဆိုတာလည်း မသိဘူး။ မြို့ပေါ်မှာတောင်



မဲပေးခွင့်ရတဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေဟာ လွှတ်တော် ဘယ်နှရပ်ကို မဲပေးရမလဲ ဆိုတာမသိဘူး။ လူတွေက ရွေးကောက်ပွဲမှာ ပေးရမှာကို သိပ်စိတ်မ၀င်စားဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စည်းရုံးရေး ဆင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲ စိတ်ဝင်တစား ရှိတာတော့ တွေ့ရတယ်”ဟု ဘူးသီးတောင်မြို့နယ် ရခိုင် အမျိုးသား ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ပြောကြားသည်။



ယခု ထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် ယခင်က မဲစာရင်းတွင် မပါဝင်သဖြင့် ပြန်လည် လျှောက်ထား ပြင်ဆင်သူများ ပါဝင်လာပြီး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၏ အမည်စာရင်းများ ပါဝင်လာ သဖြင့် မဲပေးခွင့်ရှိသူ အရေအတွက် တိုးလာသော်လည်း ယခင် မဲစာရင်းတွင် ပါဝင်ပြီး မှန်ကန်ခဲ့သည့် မဲဆန္ဒရှင်များ ယခု ဒုတိယအကြိမ် ထုတ်ပြန်သည့် မဲစာရင်းတွင် မပါဝင်သည်များ၊ မွေးသက္ကရာဇ် မှားယွင်းနေခြင်းများ ရှိနေကြောင်း သိရသည်။



“ကျွန်တော်တို့ စေတီပြင်ကျေးရွာ မဲစာရင်းမှာ ယခင်က မပါဝင်ခဲ့သူ ၈၀ ဦးတိုးလာတယ်။ အခု ထုတ်ပြန်တဲ့ မဲစာရင်းမှာ မဲပေးခွင့်ရှိသူ ၂၃၈၉ ဦးရှိတယ်။ ဒါပေမဲ့ မဲစာရင်းကို လာကြည့်သူတွေ နည်းပါတယ်။ ကျွန်တော် တို့က ဆော်သြတယ်။ မဲစာရင်း ထုတ်ပြန်ထားတယ် ဆိုတာကို ကြေညာပေမယ့် မဲပေးတာကို



စိတ်မ၀င်စားဘူး။ ကျေးရွာကိုတော့ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး လာသွားပါပြီ။ တခြား ပါတီတော့ မလာသေးဘူး”ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်က ပြောကြားသည်။



ယခင် ပါဝင်ပြီးသူများ ယခု မဲစာရင်း ထုတ်ပြန်ရာတွင် ပါမလာခြင်းမှာ နည်းပညာ အခက်အခဲကြောင့် ဖြစ်ပြီး ယင်းကိုလည်း ကော်မရှင် အဆင့်ဆင့်ကို တင်ပြထားကြောင်း ဘူးသီးတောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲအရာရှိ ဦးသန်းအေးက ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List