Thursday, September 24, 2015

ဆီးရီးယားတွင် ရုရှားက သီးခြားလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ပူတင် အသင့်ရှိနေ


ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော်(အိုင်အက်စ်) စစ်သွေးကြွများကို ရုရှားလေတပ်ကသီးခြားစစ်ဆင်ရေးဖြင့် ဗုံးကြဲတိုက်ခိုက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။ရုရှားသည် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက ဗုံးကြဲနေသည့် စစ်ဆင်ရေးတွင် ပါဝင်ပူးပေါင်းရန် ကမ်းလှမ်းထားသည်။ သို့သော်လည်း အမေရိကန်ဘက်က ငြင်းဆန်ခဲ့ပါက ရုရှားတိုက်လေယာဉ်များက သီးခြားစစ်ဆင်ရေး ဆင်နွှဲသွားရန် ပူတင်က စိတ်ပိုင်းဖြတ်ထားကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်၏ အဓိက မဟာမိတ်အဖြစ် ရပ်တည်နေပြီး ယခုအခါ ဆီးရီးယားသို့ စစ်လက်နက်များ အရှိန်မြှင့် တင်ပို့လျက် ရှိသည်။ ဆီးရီးယား အရေးတွင် ရုရှားပါဝင် စွက်ဖက်လာခြင်းက ပြည်တွင်းစစ်မီး အရှိန်မြင့်တက်နေသည့် နိုင်ငံတွင် မတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း အမေရိကန်နှင့် အနောက်အုပ်စုက သတိပေးထားသည်။

ရုရှား သံတမန် အသိုက်အဝန်းမှ အရာရှိ တစ်ဦးကမူ ဆီးရီးယားတွင် အိုင်အက်စ်တို့ကို ရုရှားက လေကြောင်းမှ တိုက်ခိုက်ရေးအတွက် နိုင်ငံတကာ သဘောတူညီမှု ရရှိရန် အခွင့်အလမ်း တိုးပွားကောင်းမွန်လာကြောင်း Reutersသို့ မှတ်ချက်ပေးထားသည်။

Bloomberg၏ အဆိုအရ ပူတင်သည် အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန်နှင့် မဟာမိတ်များကို ညှိနှိုင်း သဘောတူညီမှု ရယူရန် ပိုမို လိုလားနေကြောင်းလည်း သိရသည်။ သို့သော်လည်း အမေရိကန်၏ တုံဏှိဘာဝေ တုံ့ပြန်မှုကို ပူတင်က အတန်ငယ် စိတ်ပျက်နေပြီး လိုအပ်ပါက ဆီးရီးယားတွင် ရုရှားလေတပ်က သီးသန့် စစ်ဆင်ရေးများ ပြုလုပ်ရန် အမိန့်ပေးဖွယ် ရှိနေကြောင်းလည်း Bloombergက ဖော်ပြသွားသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List