Tuesday, September 22, 2015

နိုင်ငံရေးပါတီအချို့ ရွေးကောက်ပွဲ ဥပဒေများ ချိုးဖောက်ပြီး မဲဆွယ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ချိုးဖောက်ပြီး နိုင်ငံရေးပါတီအချို့ မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မဲဆွယ်စည်းရုံးရေး ကိစ္စများတွင် နိုင်ငံရေးပါတီအချို့က ဥပဒေနှင့် မကိုက်ညီသည့် နည်းလမ်းများဖြင့် မဲဆွယ်စည်းရုံးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမည့် ကော့မှူးမြို့နယ် မဆွယ်ဆိပ်ကျေးရွာ၌ မဲဆွယ်စည်းရုံး ဟောပြောစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒရှင်ပြည်သူများကို ငွေကြေးမက်လုံးများဖြင့် မဲဆွယ်ခြင်း၊ ခြိမ်းခြောက်မဲဆွယ်ခြင်း၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းများ၊ ဘာသာရေးများဖြင့် မဲဆွယ်စည်းရုံးမှုများ ပါတီအချို့ မဲဆွယ်နေကြောင်း ၎င်းက ဆိုသည်။

“မေတ္တာကြေးနဲ့ ပေးတာကမ်းတာကို ကျွန်မတို့ ဘာမှ အပြစ်မပြောချင်ပါဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူးလို့တော့ ကျွန်မ ပြောချင်ပါတယ်၊ မဲထည့်ဖို့အတွက်ကို ခြိမ်းခြောက်ပြီးတော့ ပြောနေတာတွေ ရှိတယ်၊ ပြည်သူတွေအနေနဲ့ မကြောက်ပါနဲ့၊ ရဲရဲသာ မဲထည့်ပါလို့ပဲ ပြောချင်ပါတယ်၊ ပြီးတော့ ကျွန်မတို့ပါတီနဲ့ ကျွန်မကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ ပြောပြီး မဲဆွယ်နေကြတာတွေလည်း ကြားနေရပါတယ်” ဟု ၎င်းက ဆိုသည်။

NLD ပါတီအနေနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် ပုံစံများဖြင့် စည်းရုံးခဲ့ခြင်း မရှိဘဲ လုပ်နည်းလုပ်ဟန်များကိုသာ ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် မဲဆွယ်စည်းရုံးရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေရန် ပြုမူဆောင်ရွက်ခြင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေရန် ပြုမူဆောင်ရွက်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်းနှင့် နိုင်ငံတော်အား အကြည်ညို ပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် လုပ်ဆောင်ခြင်း၊ ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေခြင်း မပြုလုပ်ရန် ဖော်ပြပါရှိသည်။

ထို့အပြင် တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာ ထိပါးစေရန် လုပ်ဆောင်ခြင်း၊ ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေခြင်း၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆောင်မှု ပြုလုပ်ခြင်း၊ ပြိုင်ဘက်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှု၊ အမုန်းပွားမှုများကို ဖြစ်ပေါ်စေသည့် အပြောအဆို၊ အပြုအမူ၊ အသွင်အပြင်များ ပြုမူဆောင်ရွက်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်းနှင့် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေခြင်း စသည့်အချက်များ မပြုလုပ်ရန် တားမြစ်ထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ကော့မှူးမြို့နယ် ဖျောက်နှင့် မဆွယ်ဆိပ် ကျေးရွာများတွင် မဲဆွယ်စည်းရုံး ဟောပြောပွဲများ စတင်လုပ်ဆောင်ခဲ့သည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ အထွေထွေရွေကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒနယ်တွင်ပင် ပြန်လည်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List