Tuesday, September 22, 2015

မဲစာရင်း မှားယွင်းမှုမှတစ်ဆင့် ရွေးကောက်ပွဲ ဆူပူမှုဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းလောဟု NLD မေးခွန်းထုတ်


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးအကြိမ် ထုတ်ပြန်သော တစ်နိုင်ငံလုံး မဲစာရင်းများတွင် အမှားအယွင်း များပြားနေခြင်းမှ တစ်ဆင့် ရွေးကောက်ပွဲ ကျင်းပသောနေ့ရက်တွင် ဆူပူမှုဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းလောဟု မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်း သုံးကြိမ်တိုင် ထုတ်ပြန်ခဲ့ပြီး ပထမအကြိမ်ထက် ဒုတိယအကြိမ်သည် အမှားအယွင်း နည်းပါးလာရမည် ဖြစ်သော်လည်း ယခု နောက်ဆုံးအကြိမ် တစ်နိုင်ငံလုံး မဲစာရင်းတွင် အမှားအယွင်း များပြားနေကြောင်း ၎င်းက ဆိုသည်။

“မဲပေးတဲ့နေ့မှာ ကိုယ့်နာမည် မပါရင် လူတွေက ဒေါသဖြစ်လာမယ်။ ဒါဟာ ဆူပူမှုအထိ ဖြစ်စေနိုင်တယ်။ ဆူပူမှုဖြစ်အောင်များ ကြိုတင်ရည်ရွယ်ပြီး လုပ်သလားလို့ ကျွန်တော်တို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် NLD ပါတီ ဗဟိုအောင်နိုင်ရေးရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ထို့အပြင် မဲစာရင်းမှန်ကန်ရေးကို ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောဆိုမှုသည် တာဝန်မဲ့ရာရောက်ပြီး မဲစာရင်း မှားယွင်းမှုများကြောင့် NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “ကျွန်တော်တို့ဘက်ကတော့ ဘာမှတုံ့ပြန်ပြောနေစရာ မရှိပါဘူး။ မဲစာရင်းမှန်ဖို့က ကော်မရှင်တစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ နိုင်ငံသားအားလုံး၊ ပါတီတွေအားလုံး၊ CSO တွေ အားလုံးညီမှ ရပါမယ်။ ကျွန်တော်တို့က ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်တယ်။ ပြောမယ်ဆိုလည်း ဥပဒေ ကြောင်းအရပဲ ပြောပါမယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အခြေခံမဲဆန္ဒရှင်များ စာရင်းကို နှစ်ကြိမ်တိုင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာ လျက်ရှိသည်။

သို့သော်လည်း ယခုတစ်ကြိမ် ထုတ်ပြန်သော မဲစာရင်းသည် မူလထုတ်ပြန်သော မဲစာရင်းများနှင့်မတူဘဲ ကွန်ပျူတာ နည်းပညာအသစ် အသုံးပြုသောကြောင့် မဲစာရင်း အမည်များကို အက္ခရာစဉ်လိုက်၊ အိမ်၊ လမ်း၊ ရပ်ကွက်နံပါတ်များကို ငယ်စဉ်ကြီးလိုက် ထုတ်ပြန်သောကြောင့် မဲစာရင်းကြည့်ရှုရန် အခက်အခဲရှိကြောင်း မဲဆန္ဒရှင်များက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List