Thursday, September 24, 2015

Eleven Media က တရားစွဲဆိုထားသည့် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ ယနေ့ ရုံးချိန်း မလာရောက်


Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ယူဆခြင်းကြောင့် သိန်း၆၀၀၀ ရလိုမှုဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဆိုထားရာ စက်တင်ဘာ ၂၃ ရက် ပထမဆုံးရုံးချိန်းသို့ ဦးလှဆွေ လာရောက်ခြင်း မရှိခဲ့ကြောင်း သမ္မာန်စာ အ၀င်နောက်ကျခြင်းကြောင့် မလာရောက်နိုင်ခြင်းဖြစ်မည်ဟုယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က The Ladies ဂျာနယ်သို့ ပြောသည်။

“ဦးလှဆွေလာဖို့ တရားရုံးကဆင့်ခေါ် ချိန်းဆိုတဲ့အခါကျတော့ သမ္မာန်စာက အတည်ပြုချက်ဖြစ်တယ်လို့ ပြန်မသွင်းသေးဘူးခင်ဗျ ။ သမ္မာန်စာက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကနေပြီးတော့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် ကို သွားရတယ်။ အဲဒီကနေပြီးတော့မှ တစ်ခါ ဂန့်ဂေါကို ဆက်ဆင်းရတော့ နည်းနည်းခရီးအရ သမ္မာန်စာ အမီပြန်မ၀င်ဘူးလို့ယူဆတာပေါ့”ဟု ဦးကြီးမြင့်က ပြောသည်။

လာမည့် အောက်တိုဘာ ၁၆ ရက် ဒုတိယအကြိမ်မြောက်ရုံးချိန်းတွင် သမ္မာန်စာအတည်ပြုပြီး ဦးလှဆွေသော်လည်းကောင်း၊ ဦးလှဆွေ၏ ကိုယ်စားလှယ် သော်လည်းကောင်း ရုံးရှေ့ရောက်သည့်အခါ အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်ဟုလည်း ဦးကြီးမြင့်က ဆိုသည်။

“ဦးလှဆွေကို ပို့တဲ့သမ္မာန်စာက ဦးလှဆွေလက်မှတ်ထိုးပြီးပြန်မသွင်းလို့ အတည် မဖြစ်တာ။ ဒီတစ်ခေါက်ရုံးချိန်းကတော့ လုံလောက်တဲ့အချိန်ဖြစ်လို့ ဒီတစ်ခါတော့ အတည်ဖြစ်လိမ့်မယ်လို့ ယူဆရတယ် ။မြန်မာပြည်တွင်းမှာပဲ သူလည်းပဲ တကယ် ဂန့်ဂေါမှာ ရှိနေတယ် ။ သူ့တရားစွဲတဲ့အကြောင်းကို သူသိလို့သူ့ဖေ့စ်ဘုတ်မှာတောင်ပြန်တက်နေပြီ။ သူမသိဘူး ဆိုတာတော့ မဟုတ်ဘူး”ဟု ဦးကြီးမြင့်က ဆက်လက်ပြောသည်။

ဦးလှဆွေကမူ ယင်းကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ၂၀ ရက် က ၎င်း၏ ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာတွင် ဥပဒေပြုသူဖြစ်ခြင်းကြောင့် ဥပဒေအတိုင်း ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

“ တစ်ပူးက ဘယ်သူ့ကိုလော်ဘီလုပ်ပေးနေသလဲ ။ သိမှာပါ ။ဦးလှဆွေဆိုတာ ကြံ့ခိုင်ရေး အသင်းဘက်က ဂိုးသွင်းမယ့် တိုက်စစ်မှုးပေါ့ ။ ဒါကို ဂိုးမသွင်းနိုင်အောင် လိုက်ကပ်ထားတဲ့ အဖျက်သမား လုပ်ရပ်ပေါ့ ။ရပါတယ် ဦးလှဆွေဘဲ သိတယ်မို့လား ။ မွေလိမ်မွေကောက် ပါတ်ဆွှဲပြီး ဂိုးတွေ သွင်းဦးမှာ ---ဥပဒေပြုသူဆိုတော့ ဥပဒေအတိုင်း ရင်ဆိုင်သွားမှာပါ ”ဟု ဦးလှဆွေ က ရေးသားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှဆွေက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့မှုသည် မမှန်မကန် ဖော်ပြရေးသားခဲ့ခြင်းဖြစ်ပြီး၊ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် လာရောက်ရှင်းလင်းရန် ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် “ဦးလှဆွေ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)နှင့် အများသိစေရန် ကြေညာခြင်း” “လွှဲအပ်ညွှန်ကြားချက် အရ ဦးကျော်စိုးမိုး တရားလွှတ်တော်ရှေ့နေ” ဟူ၍ ထည့်သွင်းခဲ့၊ အသိပေး ကြေညာခြင်း ပြုလုပ်ခဲ့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိသည့်အတွက် EMG က ဆက်လက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List