Thursday, September 24, 2015

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်


ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှုများ၊ မဲပေးရမည့်စာရင်းတွင်မပါ ၀င်မှုများအကြောင်း လူအများက စိတ်ဝင်တစားဝေဖန်နေကြသော်လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခု ကိုတော့ မေ့နေကြဆဲ ဖြစ်သည်။

ယင်းမှာ နိုင်ငံရေးပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်မှုပင်။

နိုင်ငံရေးပြိုင်ဘက်များကို အ ပြတ်ရှင်းခြင်း (သို့မဟုတ်) အသက်မသေ သည့်တိုင် နိုင်ငံရေးလောက မှ ထွက်ခွာသွားအောင် ခြိမ်းခြောက်နှောင့် ယှက်သည့် ဓလေ့က မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ကျင်းပသည့် ၁၉၅၆ ရွေး ကောက်ပွဲနှင့်  ပတ်သက်၍  ဖြစ် ပွားခဲ့သည့် မင်းလှလေးလောင်း ပြိုင်လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ်ဦးအောင်သာ သတ်ဖြတ်ခံရမှုတို့သည် လက်သည် တရားခံမပေါ်ဘဲ ပြီးပြတ်ခဲ့ရသည်။

နောက်လေးနှစ်အကြာ ကျင်းပသော ၁၉၆၀ ရွေးကောက်ပွဲတွင် လည်း အမည်မဖော်နိုင်သည့် လက်သည်တရားခံအချို့ထပ်မံ ထွက်ပေါ်လာပြီး ငါန်းဇွန်မြို့နယ် ၌ သတ်ဖြတ်မှုများထပ်မံကျူးလွန်ခဲ့ပြန်သည်။

ထို့ကြောင့် လာမည့်လပိုင်းတွင် ကျင်းပမည့်လွှတ်တော် ကိုယ်စားလှယ်များ သည်လည်း လွှတ်တော်သို့ သွားရာလမ်း၌ လုံခြုံရေးကို   သတိပေါ့လျော့ရန် မသင့်ပေ။

လက်ရှိအချိန်တွင် လွှတ်တော်အမတ်များအတွက် အသက်အန္တရာယ်ထိခိုက် နိုင်သည့် ခြိမ်းခြောက်မှုမျိုးမမြင်တွေ့ရသေးသော်လည်း သတိထားရမည့် အန္တရာယ်ပြုမူမှုများတော့ရှိနေသည်။

အမတ်လောင်းများသည် အတိတ်ကဖြစ်ရပ်များကဲ့သို့ အစဖျောက်သတ်ဖြတ် မှုများမခံရ တော့သော်လည်း သူတို့၏ ရုပ်ပုံ များနှင့် ကြော်ငြာဆိုင်းဘုတ်များ ကတော့ လုပ်ကြံသတ်ဖြတ်ခံနေရ ပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ရန်ကုန် တိုင်းဒေ သကြီး လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် NDF ပါတီမှ ကိုယ်စားလှယ်လောင်း၏ ဓာတ်ပုံကို မည်သူလာရောက်ဖြုတ် ယူသွားသည်ကို မသိရသေးကြောင်း ၀င်ရောက်ယှဉ်ပြိုင်သူ ဦးမောင် မောင်ကြီးက ပြောသည်။

‘‘အမှတ် (၈)ရပ်ကွက်မှာ ရှိတဲ့ ကွမ်းယာဆိုင်နဲ့ ဆီဆိုင်ကြားမှာ ကျွန်တော့်ပုံနဲ့ နောက်ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပုံတွေ ချိတ်ထားတာအခုချိန်ထိ ဘယ်သူဖြုတ်သွားမှန်းမသိသေးဘူး။ ရဲစခန်းတော့ သွားပြီး မတိုင်တော့ပါဘူး။ နောက်ဆို သေသေချာချာသတိထားလုပ်ဖို့ အတွက်ကိုပဲ စီစဉ်နေပါတယ်’’ဟု ဦးမောင်မောင်ကြီးက ပြောသည်။

ခြိမ်းခြောက်လုပ်ကြံခံရမှု များသည် လွှတ်တော်အမတ် လောင်းများပင် မဟုတ်၊ ၎င်းတို့၏ မိခင်ပါတီများသည်လည်း ပစ် မှတ်ဖြစ် လာခဲ့ကြရသည်။

၂၀၁၀ အာဏာရပါတီဖြစ် သည့် ပြည်ခိုင်ဖြိုး၏ ဆိုင်းဘုတ် များသည်လည်း ဖျက်ဆီးခြင်းခံခဲ့ ရသည်။ မန္တလေးပြည်ကြီး တံခွန် မြို့နယ် ထိန်ကုန်းရပ်ကွက် တွင် ဆိုင်းဘုတ်တင်ထားသော ပြည် ခိုင်ဖြိုးပါတီ၏ အလျား  ၁၀ ပေ၊ အနံ ၄ပေရှိ ပါတီ ဗီနိုင်းဆိုင်းဘုတ်ကို စက်တင်ဘာ ၂၀ ရက်က ခဲဖြင့် ပစ်ပေါက် ခြင်း၊ ဘလိတ်ဓားနှင့်လှီးဖြတ်ဖျက်ဆီးခြင်းခံခဲ့ရကြောင်း မန္တလေးတိုင်းဒေ သကြီး  ရဲတပ်ဖွဲ့ မှူးရုံးမှ စုံစမ်းသိရသည်။

ထို့အပြင် ကောလင်းမြို့နယ် တွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရပြီး  သာပေါင်းမြို့နယ်၊ ကန့်ဘလူမြို့ နယ်တို့တွင်လည်း အလား တူဖြစ် စဉ်များ ကြုံခဲ့သည်။

လက်ရှိအချိန်အထိ နိုင်ငံရေးပါတီများနှင့် အမတ်လောင်းများ၏ ရွေးကောက် ပွဲကြော်ငြာဆိုင်း ဘုတ် ၃၀ခန့်ဖျက်ဆီးခံခဲ့ရပြီဖြစ် သည်။

အဆိုပါအမှုများနှင့် ပတ် သတ်၍ သံသယရှိသူအချို့အား ခေါ်ယူစစ်ဆေးမှု များရှိခဲ့သော် လည်း တစ်စုံတစ်ယောက်ကိုမျှ အရေးယူနိုင်ခြင်းမရှိခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးရပ် တည်ချက်ချင်းမတူသော်လည်း ပြည်ခိုင်ဖြိုး ကဲ့သို့ပင် ခြိမ်းခြောက်ခံခဲ့ရမှုများ လည်း ရှိခဲ့သည်။

မလှိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခွဲတွင် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ခန့်က ‘‘ပြောင်းလဲချိန်တန်ပြီ’’ ဇာတ်ကားဖြင့်မဲဆွယ်စည်း ရုံး ဟောပြောရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ခေါင်းမိုးကို လောက် လေးခွဖြင့် ရှစ်ချက်ခန့်ပစ်ခတ်ခံခဲ့ ရသည်။

ခြိမ်းခြောက်နှောင့်ယှက်မှု များက ပါတီမရွေး။ ၂၀၁၀ ရွေး ကောက်ပွဲဝင်ပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည်လည်း အဆိုပါအဖြစ် အပျက်မျိုးကြုံတွေ့ခဲ့ရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့ နယ် လိန်ပင်ကျေးရွာတွင် စက် တင်ဘာ ၁၈ ရက်က NDF ပါတီဝင်တစ်ဦး၏ နေအိမ်ရှေ့ ခြံစည်းရိုး ၌် စိုက်ထူထားသည့် NDF ပါတီဆိုင်းဘုတ်ကို ယင်းကျေးရွာမှ အမျိုးသားတစ်ဦးက အော်ဟစ်ကာ သစ်သားတုတ်ဖြင့် ဆိုင်ဘုတ်ကို ဆုတ်ဖြဲ၍ အနီးရှိ ဆည်တော်ကြီးမြောင်း အတွင်းသို့ လွှင့်ပစ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သူ၏ နောက်ကွယ်တွင် မည်သည့်နိုင်ငံရေး ပါတီများ သွေးထိုးလှုံ့ဆော်မှုများရှိ၊ မရှိစုံစမ်းစစ်ဆေး၍ ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်များပြုလုပ်မည်ဖြစ်ကြောင်း NDF ပါတီ ဗဟို လုပ်ငန်းကော် မတီဝင် ဦးခင်မောင် သန်းက ပြောသည်။

ပြင်းထန်သည့် အားပြိုင်မှု များနှင့် ထောက်ခံသူရော၊ ကန့် ကွက်ခဲ့သူများပါရှိ နေသည့် မဲဆန္ဒ နယ်များသို့ သွားလာနေကြရ သည့် အမတ်လောင်းများ အတွက် လုံခြုံရေးယူပေးမည်ဟု မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများက ပြောသည်။

‘‘ကျွန်တော်တို့ကို လုံခြုံရေး အတွက်ဆိုပြီး ခေါင်းစဉ်တပ်ပြော တာမရှိပေမယ့် မဲဆွယ်စည်းရုံး ရေးဆင်းတဲ့အခါ ကိုယ်စားလှယ် လောင်းတွေ စုစုစည်းစည်း နဲ့သွား ဖို့ ပါတီက မှာထားပါတယ်။ ဒါကို ကပဲ လုံခြုံရေးအတွက် မှာကြား တယ်လို့ ယူဆပါတယ်’’ဟု ရန် ကုန်တိုင်းဒေသကြီး သာကေတမဲ ဆန္ဒနယ်(၁)မှ   ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်းက ပြောသည်။

ပါတီဆိုင်းဘုတ်များ ဖျက် ဆီးခံရသည့်ကိစ္စများနှင့်ပတ် သက်၍ သူ့အခွင့် အရေးကိုယ့် အခွင့်အရေး၊ သူ့ပါတီဆိုင်းဘုတ် ကိုယ့်ပါတီဆိုင်းဘုတ်ကို အပြန် အလှန် လေးစားပြီး သန့်ရှင်းစွာ ယှဉ်ပြိုင်သင့်ကြောင်း ၎င်းကအ ကြုံပြုသည်။

‘‘ဒီလိုမှမဟုတ်ရင် ဒီမိုကရေ စီနိုင်ငံ ဘယ်လိုတည်ဆောက်မလဲ ဗျာ’’ ဦးနိုင်ငံလင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း မဲဆွယ်စည်းရုံးရေးဆင်းနေသည့် လွှတ် တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် လုံခြုံရေး အတွက် လိုအပ်ပါက မည်သည့် ပါတီဝင်မဆို သက်ဆိုင်ရာမြို့နယ်ကော်မရှင်ရုံး၊ ရဲစခန်းနှင့် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံလာ ရောက်အကူအညီတောင်း ခံနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းဗိုလ် က ပြော သည်။

‘‘ဘယ်ကိုယ်စားလှယ် လောင်းတွေမဆို မိမိတို့ မြို့နယ်မှာစည်းရုံးရေးဆင်းလို့ လုံခြုံရေး တောင်းလို့ရပါတယ်။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၊ မြို့ နယ်ရဲစခန်းတွေမှာလည်း အကူ အညီတောင်းလို့ရတယ်။ ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှာလည်း အကူအညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့က တော့ မိုင်းရှင်း လင်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ပေးမှာပါ’’ဟု ၎င်းက ပြောသည်။

မြို့ကြီးများတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်းများ အတွက် ရဲတပ်ဖွဲ့ထံ လုံခြုံရေး တောင်းခံနိုင်သော်လည်း အစိုးရ အာဏာစက်နှင့် အလှမ်းဝေးသည့်ဒေသများမှ အမတ်လောင်းများအ တွက်တော့ စိန်ခေါ်မှု များရှိနေဆဲ ဖြစ်သည်။

ရှမ်းပြည်အခြေစိုက်လက် နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ၎င်းတို့ ထိန်း ချုပ်နယ်မြေများတွင် လုံခြုံရေးကြောင့် မဲဆွယ်စည်းရုံးရေးလုပ် ငန်းများကို  ခေတ္တရပ်ဆိုင်းထား ကြရန်   အမတ်လောင်းများအား သတိပေးထားသည်။

RCSS/SSA သည် ရှမ်း ပြည်နယ် ကွန်ဟိန်း၊ မောက်မယ်၊ နမ့်ဆန်၊ ကျောက် မဲ၊ မိုင်းတုံ၊ မိုင်း ပန်စသည့် ဒေသများတွင် အာဏာသက်ရောက်သည့်အဖွဲ့ အစည်း တစ်ခုလည်း ဖြစ်သည်။

‘‘အစိုးရဘက်အခြမ်းဆိုလည်း သိပ်ပြဿနာမရှိဘူး။ တိုင်းရင်းသားလက်နက် ကိုင်အခြေစိုက်တယ်ဆိုလည်း သိပ်ပြဿနာမရှိဘူး။ နှစ်ဖက်စလုံးရှိတဲ့နေရာ ဆိုရင် သတိထားရတယ်။ နောက်တစ်ခုက ဒေသက လူမျိုးစုတစ်ခုအခြေစိုက် တဲ့ နယ်မြေဖြစ်ပေမယ့် အမတ်က အခြားလူမျိုးဆိုရင်လည်း သတိထားရ မယ်’’ဟု ရှမ်းပြည်တောင်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမည်မဖော် လိုသူ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

လက်နက်ကိုင်များရောထွေးနေသည့် ဒေသမှ အမတ်လောင်း များအတွက် စိုးရိမ်စိတ်က ရွေး ကောက်ပွဲနီးမှမဟုတ်။ ရွေး ကောက်ပွဲမစတင်မီကာလ များက တည်းက ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ရပ်ကျေးဆိုင်း ဘုတ်များ ဖျက်ဆီးခဲ့သူ လေးဦးနှင့်ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လ ကျော်ကြာသည်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိကြောင်း နမ့်စန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆိုသည်။

နိုင်ငံရေးလုပ်ကြံမှုများသည် ရွေးကောက်ပွဲနီးကပ်လာပါက ပိုမိုပြင်းထန်လာ တတ်ပြီး အနိုင်ရလိုသော်လည်း ပြိုင်ဘက်အမတ်လောင်းအား အနိုင်ရနိုင်ခြေ မရှိ သော အာဏာမက်မောသူများ၏ နောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုတွင်အရေးပါသည့် အဖြစ်အပျက်တစ်ခု အဖြစ် ရည် ညွှန်းကြသည့် ၂၀၁၅ ရွေးကောက် ပွဲကျင်းပရန် လပိုင်းမျှသာ လိုတော့ သည်။ လွှတ်တော်သို့သွားရန် ကြိုးစားနေသည့် အမတ်လောင်းများ အတွက် ခြိမ်းခြောက်မှုများက တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သော ခြိမ်းခြောက်မှုများ က ကြုံတွေ့နေရပြီဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List