Monday, September 21, 2015

ဘာသာရေးနှင့် သွေးထိုးစည်းရုံးခြင်းသည် အောက်တန်းကျသော နိုင်ငံရေးလုပ်ရပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက ဘာသာခြားများ အုပ်ချုပ်မည် ဟု ဘာသာရေးဖြင့် သွေးထိုး၍ စည်းရုံး ခြင်းသည် အောက်တန်းကျသော နိုင်ငံရေးဖန်တီးခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့ နယ်၊ နန်းအောကျေးရွာတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် ဒေသခံတစ်ဦး၏ “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက ဘာသာခြားများ အုပ်ချုပ်သွားမည်ဟူသော စကားကို ပြန်ရှင်းပေးစေလိုကြောင်း” ဟု တင်ပြ သောကြောင့် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ခုနက စကားတွေပြောတာ၊ ပြောပြီး စည်းရုံးတာဟာ အင်မတန်မှ အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ပြောပါ ရစေ။ အောက်တန်းကျတဲ့ နိုင်ငံရေးကို လုပ်တဲ့သဘောက ဘာလဲဆိုတော့ ပြည်သူတွေကို မလေးစားတဲ့ သဘောပဲ။ ပြည်သူတွေက အတယ်၊ နုံတယ်။ သူတို့ပြောသမျှကို ယုံမယ်လို့ထင်လို့ အဲ့ဒီလို အောက်တန်း ကျတဲ့ နိုင်ငံရေးကို လုပ်တာပါလို့ ပြောပါရစေ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ အထင်အမြင် မှားစေလိုသည့် စကားများကို နားထောင်စရာ အကြောင်းမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် နန်းအောကျေးရွာတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းက “ကျွန်မတို့ မြန်မာနိုင်ငံမှာ ဥပဒေ အလွဲသုံးစား လုပ်ခဲ့တာ ကြာပါပြီ။ ဥပဒေကောင်းတွေ ရှိတာတောင်မှ ထိထိရောက်ရောက် မဖြစ်တာကို တွေ့ရပါတယ်” ဟု ဆိုသည်။

ဒီမိုကရေစီစနစ် ရယူလိုခြင်းမှာ ဒီမိုကရေစီစနစ်သည် ပြည်သူလူထု ဗဟိုထားသည့် စနစ်ဖြစ်ပြီး ပြည်သူများ အေးဆေးမှ နိုင်ငံလည်း အေးဆေးသကဲ့သို့ နိုင်ငံတော်သည် အစိုးရ မဟုတ်ဘဲ ပြည်သူသာ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မည်သည့်လက်ဆောင်ပစ္စည်းမျှ မပေးနိုင်သော်လည်း နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန် ပြောင်းလဲချိန်တန်ပြီ ဖြစ်သည့်အတွက် ၎င်းပါတီ အား မဲပေးရန် တိုက်တွန်းပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်နေ့တွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်း ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမြို့နယ်တွင် သွားရောက်ကာ မဲဆွယ်စည်းရုံးခြင်း ဆက်လက်ဆောင်ရွက် သွား မည် ဖြစ်သည်။ 

(ကိုပေါက်)
The Voice Weekly

No comments:

Post a Comment

My Blog List