အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်၏ ရက်လည်ဆွမ်းကျွေး အခမ်းအနားကို ဧပြီ ၂၇ ရက်က ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။
ရက်လည်ဆွမ်းကျွေး အခမ်းအနား၌ နံနက် ၅ နာရီတွင် သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူ ဒါန်းပြီး လာရောက်သည့် ဧည့်ပရိသတ်များကို မုန့်ဟင်းခါး ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရက်လည်ဆွမ်းကျွေး အခမ်းအနားအား နံနက် ၇ နာရီမှ ၁၀ နာရီအထိ ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟံသာဝတီ ဦးဝင်းတင်၏ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ မိတ်ဆွေများ၊ တပည့်များ လာရောက်ခဲ့ကြသည်။
ထို့ပြင် ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရှိ ဟံသာဝတီ ဦးဝင်းတင်နေထိုင်ရာ နေအိမ်နှင့် ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်ရှိ စိန်ချယ်လမ်း နေအိမ်တို့၌လည်း ရက်လည်ဆွမ်းသွပ် အခမ်းအနားများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက်က ကွယ်လွန်ခဲ့ပြီး ရန်ကုန်မြို့ ရှိ ရေဝေးသုသာန်တွင် ဈာပနအခမ်းအနားကို ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေပိုင်းအထိ ပြု လုပ်ခဲ့ကာ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မိတ်ဆွေများအပါအ၀င် ပြည်သူတစ်သိန်းခန့် လိုက်ပါပို့ဆောင် ခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကတစ်ဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ၁၉၃၀၊ မတ် ၁၂ ရက်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၌ မွေးဖွားကာ ၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ တက္ကသိုလ်တက်ရောက်နေစဉ်မှ ၁၉၈၉ ခုနှစ် အကျဉ်းမကျမီအထိ သတင်းစာ အယ်ဒီတာ၊ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး၊ စာနယ်ဇင်းသမဂ္ဂ ဒုဥက္ကဋ္ဌမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့စည်းသောအခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူ ခဲ့သည်။
ဟံသာဝတီ ဦးဝင်းတင်သည် ၎င်းအကျဉ်းကျခံနေစဉ် ကာလအတွင်း ၂၀၀၁ ခုနှစ်မှစ၍ ယူနက်စကိုအဖွဲ့မှ ချီးမြှင့်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် World Association of Newspaper မှ ချီးမြှင့်သည့် ရွှေကလောင်ဆု၊ ၂၀၀၆ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ချီးမြှင့်သည့် Journalist Prize ဆုနှင့် ၂၀၀၈ တွင် ဂျာမနီနိုင်ငံ Leipzig မှ ချီးမြှင့်သည့် “prize for the freedom and the future of the media” ဆုများ ရရှိခဲ့သည်။
Eleven Media Group

No comments:
Post a Comment