Friday, May 02, 2014

ကချင်တွင် သန်းခေါင်စာရင်း ကောက်ခံမှု လူတစ်သောင်းအောက်သာ ကျန်နိုင်ဟု ကုလဆို


ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း အကောက်မခံရသည့် လူဦးရေများ ကျန်ရှိပါက လူဦးရေ တစ်သောင်းအောက်ခန့်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဂျင်းနက်ဂျက်ဆင်က ပြောကြားသည်။
“တချို့ နိုင်ငံတွေမှာဆိုရင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကင်းမဲ့တဲ့ အခြေအနေတွေကြောင့် အချို့သော နေ ရာဒေသ အသေးစားတွေ ကျန်ခဲ့တာဟာ မထူးဆန်းပါဘူး။ အစိုးရနဲ့ ပြည်နယ်၊ ပြည်နယ်ထိန်းချုပ်မှု မရှိတဲ့ ဒေသက အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ သဘောတူညီချက်တစ်ခု ရအောင် လုပ်ဖို့ပါ” ဟု ဂျင်းနက်ဂျက်ဆင်က ပြောသည်။

တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ တစ်နိုင်ငံလုံးတွင် ကောက်ယူခဲ့ခြင်း ဖြစ်ပြီး UNFPA က အမေရိကန်ဒေါ်လာ ငါးသန်း ထည့်ဝင် ထားသည်။

သန်းခေါင်စာရင်း ကောက်ယူသည့် ၁၂ ရက်တာကာလ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာပေါင်း ၉၀ ကျော်တွင် ၁၁ ရွာသာ ကောက်ယူပြီး ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ KIA ထိန်းချုပ်ဒေသမှ ကျေးရွာများနှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ အမည်ဖြင့်သာ စာရင်းအကောက် ခံမည်ဟု ပြောဆိုနေကြသည့် ဘင်္ဂါလီ ကျေးရွာမျာတို့တွင် သန်းခေါင်စာရင်း ဆက်လက် ကောက်ယူနိုင်ရန် အချိန်နှစ်လ ထပ်တိုးပေးထားသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်နှင့် ကချင်ပြည်နယ်တို့ရှိ ကျေးရွာတချို့မှအပ တစ်နိုင်ငံလုံး အတိုင်းအတာအရ သန်းခေါင်စာရင်း ကောက်ယူမှု ရာနှုန်းပြည့် ပြီးစီးခဲ့ပြီ ဖြစ်သည်ဟု နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် UNFPA ကလည်း မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုကို နိုင်ငံ တကာမှ စောင့်ကြည့်လေ့လာသူ ၂၃ ဦးနှင့် မြန်မာနိုင်ငံမှ စောင့်ကြည့်လေ့လာသူ ၂၃ ဦးတို့က ပါဝင် လေ့လာခဲ့သည့်အတွက် ပြည့်စုံကောင်းမွန်သည့် သန်းခေါင်စာရင်း ဖြစ်သည်ဟု ပြောကြားသည်။

“ဘယ်သန်းခေါင်စာရင်းမှ ခြောက်ပြစ်ကင်း သဲလဲစင် မရှိပါဘူး။ သန်းခေါင်စာရင်းတိုင်းမှာ ရံဖန်ရံခါမှာ လူမျိုးစုငယ်လေးတွေ တစ်ယောက်မကျန် အားလုံး ပါဝင်ရစေမယ်လို့ အာမ မခံနိုင်ပါဘူး။ အရေးကြီးတာကတော့ ကွဲပြားခြားနားတဲ့ လူမျိုးစုတွေ၊ ကွဲပြားခြားနားတဲ့ နေရာဒေသတွေ အများစုကို ခြုံငုံမိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်လောက်စေတဲ့ အရေအတွက် ရဖို့ပါ” ဟု ဂျင်းနက်ဂျက်ဆင်က ဆက်လက် ပြောပြသည်။

သို့သော် သန်းခေါင်စာရင်း ကောက်ရန် လူသောင်းဂဏန်းသာ ကျန်ခဲ့သည်ဟု UNFPA ၏ ပြောဆိုချက်ကို လက်မခံဘဲ လူသိန်းချီ ကျန်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် အတွင်းရေးမှူး ဒေါ်ခွန်ဂျာ က ပြောဆိုသည်။ “ဘာဖြစ်လို့လဲ ဆိုတော့ ဥပမာ ပြောရရင် ပရင်းတူးတဲ့ နေရာမှာဆိုရင် လူတွေက သိန်းချီပြီး ရှိတယ်။ အဲဒီနေရာမှာ တစ်နေရာလောက် မကောက်ဘူး ဆိုတော့ တစ်သိန်းခန့် ကျန်မယ်” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်တွင်ပင် စစ်ပြေးဒုက္ခသည် တစ်သိန်းခန့် ရှိနိုင်ကြောင်း ပြည်တွင်း သတင်းများတွင် ခန့်မှန်းထားသည်။

“ပလောင်ဒေသမှာလည်း အကုန်လုံးနီးပါး ကျန်နေသေးတယ်။ သန်းခေါင်စာရင်း ကောက်ယူမှုအပြီး ဆက်ကောက်တာ မရှိပါဘူး။ သန်းခေါင်စာရင်းကို အကြောင်းပြပြီး တိုက်ပွဲ တိုက်နေတယ်” ဟု ဒေါ်ခွန်ဂျာ က ဆိုသည်။

ယခုကောက်ယူသည့် သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်ကြာမှ တစ်ကျော့ပြန် လည် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းတွင် လူဦးရေ ၁ ဒသမ ၃၇ သန်း အကောက်မခံရဘဲ ကျန်ခဲ့သည်ဟု ဂျင်းနက်ဂျက်ဆင်က ပြောပြသည်။

Dawei Watch
The Voice Weekly

No comments:

Post a Comment

My Blog List