Friday, May 02, 2014

နိုင်ငံရေးတွင် မွန်လူငယ်များ ပိုမိုပါဝင်သင့်ကြောင်း မွန်ပြည်သစ် တိုက်တွန်း


မွန်လူငယ်များအနေဖြင့် နိုင်ငံရေးလှုပ်ရှာမှု၊ နိုင်ငံရေးဖြစ်စဉ်တွင် အနှစ်သာရရှိရှိ အင်တိုက်အားတိုက် ပါဝင် လှုပ်ရှားသင့်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်တလညီက တိုက်တွန်းပြောကြားလိုက်သည်။
မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းတွင် ကျင်းပသည့် ပထမဆုံးအကြိမ် မွန်လူငယ်များကွန်ဖရင့် (Mon Youth Conference) တွင် နိုင်တလညီက မွန်လူငယ်များကို ထိုကဲ့သို့ တိုက်တွန်း ပြောကြားခဲ့သည်။

“လူငယ်ဆိုတာ ကျွန်တော်တို့ မွန်သမိုင်းတလျှောက် ကြည့်လိုက်မယ်ဆိုရင် လူငယ်ရဲ့ အခန်းကဏ္ဍ ကတော့ အရေးပါဆုံးပဲ လူငယ်တွေကပဲ ထက်မြတ်တယ် မြန်ဆန်တယ်။ ဒါပေမဲ့ ကနေ့ပစ္စပ္ပုန်ကို ဆန်းစစ် ကြည့်မယ်ဆိုရင် လူငယ်တွေက လူမှုအဖွဲ့အစည်းတွေမှာပဲ ပါဝင်လှုပ်ရှားတာများတယ်။ နိုင်ငံရေး လောက ထဲ ပါဝင်လှုပ်ရှားတာ အားနည်းတယ်။ လူမှုအဖွဲ့အစည်း ဆိုတာက အရေးကြီးတယ်။ ဒါပေမဲ့ နိုင်ငံရေး ဆိုတာ ပိုပြီးတော့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

မွန်လူငယ်များကွန်ဖရင့်ကို အဓိကအားဖြင့် မွန်လူငယ်များအကြား ညီညွတ်မှု ရှိကြရန်၊ အနာဂတ်လူမျိုး အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် မွန်လူငယ်များ အချင်းချင်း ယုံကြည်မှု ခိုင်မာလာအောင်နှင့် မွန်လူငယ်တို့၏ အတွေးအမြင်များကို မြှင့်တင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း စီစဉ်သူများက ဆိုသည်။

မွန်လူငယ်များ နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် ပါဝင်လာနိုင်ရန် နိုင်ငံရေး ခေါင်းဆောင်များ အနေနှင့် လည်း လူငယ်များကို အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း မုဒုံမြို့နယ်မှ လူငယ်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

“နိုင်ငံရေးပါတီပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ လူငယ်တွေ ရှေ့ ရောက်အောင် တွန်းပို့ပေးတာမျိုး မရှိဘူး။ လူငယ်တွေ ကိုယ်တိုင်ကလည်း ဦးဆောင်မှု ပေးနိုင်တဲ့ အရည် အချင်းတွေ ရှိဖို့ လိုပါတယ်။ အချို့ကလည်း အရည်အချင်းရှိရဲ့သားနဲ့ အခွင့်အရေး မပေးကြဘူး ဒါကို လူကြီးတွေက ပြုပြင်သင့်သလို လူငယ်တွေကလည်း ကြိုးစားသင့်ပါတယ်” ဟု ၎င်းကပြောသည်။

မွန်လူငယ်များ ကွန်ဖရင့်သို့ မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မွန်လူငယ် ကိုယ်စားလှယ်များအပြင် မွန်လူမျိုးများ တည်ရှိရာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် ကရင်ပြည်နယ်ရှိ မွန်လူငယ် ကိုယ်စားလှယ်များ ပြည်ပ မွန်လူငယ် များနှင့် မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအဖွဲ့အစည်းတို့မှ အင်အား ၅၀၀ ဝန်းကျင် တက်ရောက်ကြသည်။

ကွန်ဖရင့် ၃ ရက်နေ့တွင် လူငယ်နှင့် မွန်နိုင်ငံရေး၊ မွန်လူငယ်နှင့် ပညာရေး၊ မွန်လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင်၊ မွန်လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် မွန်စာပေနှင့် ယဉ်ကျေးမှုစသည့် ခေါင်းစဉ်ကြီး ငါးခုကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။

Dawei Watch
The Voice Weekly

No comments:

Post a Comment

My Blog List