Wednesday, April 30, 2014

MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း



MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း Boeing 777 အမျိုးအစား လေယာဉ် သည် မတ်လ (၈)ရက်နေ့ ကတည်းက လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ထွက်ခွာသွားပြီးနောက် ကမ္ဘာ့လူသားများ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
“မလေးရှား သရီး ဆဲဗင်း ဇီးရိုး။ ဟိုချီမင်းကို ဆက်သွယ်ပါတယ်။ ကောင်းသောညပါ”

“ကောင်းသောညပါ မလေးရှား သရီး ဆဲဗင်း ဇီးရိုး”

အဆိုပါ စကားစုများသည် ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားသည့် မလေးရှား လေကြောင်းလိုင်းပိုင် MH370ခရီးသည်တင် လေယာဉ်မှ လေကြောင်းထိန်းသိမ်းရေး မျှော်စင်တို့ နောက်ဆုံးဆက်သွယ် ပြောဆိုသွားသည့် အသံများ ဖြစ်သည်။ လေယာဉ်ပျောက်ကွယ်သွားမှု သီတင်း(၇)ပတ်မျှ ကြာမြင့်လာခဲ့သည့်နောက် အဆိုပါ အသံဖိုင်ကို ခရီးသည်များ၏ မိသားစုဝင်များရှေ့မှောက်တွင် ပထမဆုံးအကြိမ် ဖွင့်ပြခဲ့သည်။ 
 
Boeing 777 အမျိုးအစား လေယာဉ်သည် မတ်လ(၈)ရက်နေ့ကတည်းက လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှထွက်ခွာသွားပြီးနောက် ကမ္ဘာ့လူသားများ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက် ကွယ်သွားခဲ့သည်။

မလေးရှား အာဏာပိုင်များသည် အင်္ဂါနေ့တွင် လေယာဉ်ကို နောက်ဆုံး ပုံရိပ်ဖမ်း တွေ့ရှိခဲ့သည့် ရေဒါ မှတ်တမ်းများကိုပါ ပြသခဲ့သည်။ ထိုလုပ်ဆောင်မှုသည် MH370အား ဝေဟင်မှ ထောက်လှမ်းရှာဖွေမှု လုပ်ငန်းစဉ်များ အဆုံးသတ်လိုက်ပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ နိုင်ငံတကာ ပူးပေါင်းရှာဖွေမှု လုပ်ငန်း များတွင် လေယာဉ်များဖြင့် ပင်လယ်ရေမျက်နှာပြင် အထက်တွင် ပိုက်စိပ်တိုက် ပျံသန်းရှာဖွေမှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

နိုင်ငံပေါင်း(၇)ခုမှ ကျွမ်းကျင်ပညာရှင် (၆၀၀)မျှတို့သည် အင်္ဂါနေ့တွင် ရှာဖွေရေး လုပ်ငန်းများ ရပ်နားလိုက်ပြီးနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံ အရိုက်ခံခဲ့ကြသည်။ ၎င်းတို့၏ မျက်နှာတွင် Boeing 777လေယာဉ်နှင့် ပတ်သက်၍ မည်သည့်သဲလွန်စမျှ မဖော်ထုတ်နိုင်ခဲ့ခြင်းအတွက် စိတ်အနှောင့် အယှက် ဖြစ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။

လေတပ်တာဝန်ရှိသူ အများစုသည် ပါ့သ်မြို့အနီးရှိ တော်ဝင် ဩစတြေးလျ လေတပ်အခြေစိုက် စခန်းမှ ထွက်ခွာရန် အသင့်ရှိနေပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ရက်ပိုင်းအတွင်း အဆိုပါ လုပ်ငန်းတာဝန်များကို စွန့်လွှတ်တော့မည် ဖြစ်သည်။ ရေပြင်ပေါ်တွင် လိုက်လံရှာဖွေနေသည့် သင်္ဘောအချို့သည် လည်း ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေပြီး ရေအောက်ကြမ်းပြင် စူးစမ်းရှာဖွေရေး ကဏ္ဍကိုသာ ပိုမိုအာရုံစိုက်လာဖွယ် ရှိနေသည်။ “ရေပြင်အထက်မှာ လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စ အချက်အလက်တွေ ပေါ်နေဖို့က ဖြစ်နိုင်ခြေ မရှိသလောက်ပဲ။ ဝေဟင်ကနေ ရှာဖွေဖို့ အားထုတ်မှု မှန်သမျှ အကျိုးမရှိခဲ့ဘူးဆိုတဲ့ စကားကို ထုတ်ပြောရတာ ကျွန်တော် တော်တော့်ကို စိတ်မကောင်း ဖြစ်မိတယ်။

ဝေဟင်ထောက်လှမ်းမှုတွေအရ ပင်လယ်ရေ မျက်နှာပြင် အထက်မှာရော၊ ရေအောက်မှာပါ ဘာအပျက် အစီးကိုမှ ရှာမတွေ့ခဲ့ပါဘူး”ဟု ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုအခါ တာဝန်ရှိသူများ အနေဖြင့် ရေအောက်ရှာဖွေမှုများကို ပိုမိုဇောက်ချ အကောင်အထည်ဖော် မည်ဖြစ်ပြီး ယင်းအတွက် ပုဂ္ဂလိက ကန်ထရိုက်တာများကို ငှားရမ်းရဖွယ် ရှိသည်။ အဆိုပါ ကဏ္ဍ အတွက် ဒေါ်လာ (၅၆)သန်းမျှ ကုန်ကျမည့် အခြေအနေ ရှိနေကြောင်းလည်း သိရသည်။ နိုင်ငံတကာ ပူးပေါင်းအဖွဲ့သည် စတုရန်းကီလိုမီတာ (၆၀၀၀၀)မျှ အကျယ်အဝန်းကို ဖြန့်ကျက်ရှာဖွေခဲ့သည့်တိုင် မည်သည့် သတင်းအချက်အလက်မျှ မရရှိနိုင်ခဲ့ကြောင်း ခါးသီးလှသည့် အမှန်တရားကို မဖြစ်မနေ လက်ခံခဲ့ရသည်။ လတ်တလောတွင်မူ Bluefin-21 မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်သည် သမုဒ္ဒရာကြမ်းပြင်ကို Scanဖတ်စစ်ဆေးကာ အပျက်အစီးများကို ရှာဖွေနေသည်။ အင်္ဂါနေ့အတွက်မူ ရာသီဥတု ဆိုးရွားခြင်းနှင့် လှိုင်းထန်ခြင်းတို့ကြောင့် အဆိုပါ လုပ်ငန်းကို ဆိုင်းငံ့ထားရသည်။

ယနေ့အချိန်ထိ MH370၏ ကံကြမ္မာကို မည်သူမျှ တိတိကျကျ မသိရသေးချေ။ မလေးရှား လေကြောင်း လိုင်းမှ ကိုယ်စားလှယ် ဆူဘက်စ် ချန်ဒရာကမူ လေယာဉ်သည် လမ်းကြောင်းပြောင်း ပျံသန်းရင်း (၇)နာရီ ခွဲမျှအကြာတွင် ဆီကုန်ပြီး ပင်လယ်ထဲ ထိုးကျသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။
 
 “ဘာပဲဖြစ်ဖြစ် ရှာဖွေမှု လုပ်ငန်းစဉ်တွေမှာ တစ်ခုခု ထူးခြားတိုးတက်လာပါစေလို့ ဆုတောင်းပါ တယ်”ဟု လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ဂျင်မီဝမ်က မျက်ရည်စက် လက်ဖြင့် ဆန္ဒပြုသွားခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List