စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လေးပွင့် ဆိုင်တွေ့ဆုံပွဲ အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဧပြီ ၂၇ ရက် နံနက် ၈နာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်၍ အင်အား ၅၀၀ ဦးဖြင့် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။
"ကျွန်မတို့ တရားဝင်ခွင့်ပြုချက်နဲ့ပြတာပါ၊ ကျွန်မတို့ NLD ရုံးကနေစထွက်ပြီး မြို့တစ်ပတ် ပတ် ဆန္ဒပြခဲ့ကြ တာပါ၊ ဒေသခံတွေအားလုံးပါဝင်လာလို့ ဝမ်းသာပါတယ်၊ ဆက်လုပ်ဖို့လည်း အစီအစဉ်ရှိပါ တယ်"ဟု ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်ဖြူဖြူဝင်းက ပြောသည်။
ပြည်သူကိုအကျိုးမပြုသော ဥပဒေများနှင့်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတားဖြစ်နေသော ဥပဒေများကို ပြင်ဆင်ရန် လိုကြောင်း ပြည်သူများသိရှိစေရန် ဟောပြော မှုများကို ကျေးလက်ဒေသများအထိ ဆင်း၍ လုပ်ဆောင်သွားမည်ဟု ဒေါ်ဖြူဖြူဝင်းက ပြောသည်။
"ဒီပုဒ်မ ၅၉(စ)ဆိုတာလည်း သမ္မတဖြစ်ဖို့ ကန့်သတ်ထားတဲ့ ပုဒ်မခွဲတစ်ခုပါပဲ။ အဓိက ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေလိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ပြီး ရေးဆွဲထားတာပါ၊ ပြီးတော့ နိုင်ငံသားတိုင်းရနိုင်တဲ့ အခွင့်အရေးကို ချိုးဖေါက်ပြဋ္ဌာန်းထားတာပါ ဒါတွေကို ပြင်ဆင် ဖျက်သိမ်းပေးဖို့ ဆန္ဒဖေါ်ထုတ်နေကြတာပါ" ဟု ဒေါ်ဖြူဖြူဝင်းက ပြောသည်။
ဆန္ဒဖေါ်ထုတ်သူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ချက်ချင်းပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉(စ)(ဃ) နှင့်ပုဒ်မ ၁၈ ဖျက်သိမ်းရေးတို့ကို ကြွေးကြော်တောင်းဆိုပြီး လေးပွင့်ဆိုင်တွေ့ဆုံပွဲ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးနှင့် ရွှေတူးဖေါ်သူများကြောင့်လယ်ယာမြေများ ပျက်စီးမှုတို့ကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ခြင်းကို နံနက် ၈နာရီမှ ၉ နာရီ၃၀ အထိ ပြုလုပ်ခဲ့သည်။ ဆန္ဒပြမှုများကို ဝန်းသိုမြို့နယ်နှင့် ပင်လယ်ဘူးမြိုနယ်တို့တွင်လည်းNLD ကဦးဆောင်၍ ဆက်လက်ဆန္ဒပြသွားမည်ဟု သိရသည်။
Mizzima - News in Burmese

No comments:
Post a Comment