Friday, May 02, 2014

စေ့စပ်ကြောင်းလမ်းခြင်းဂယက် စာနယ်ဇင်းများမှတစ်ဆင့် ပြန်လည် ဖြေရှင်း သွားမည်ဟု ဆုပန်ထွာဆို


နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ဧပြီလ ၂၉ ရက်နေ့က ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ဇနီးဖြစ်သည်ဆိုသူ ဒေါ်မဉ္ဇူအောင်က ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ဖြေရှင်းဖို့ ဆန္ဒမရှိသေးပေမယ့် စေ့စပ်ကြောင်းလမ်းခြင်း ဂယက်နဲ့ ပတ်သက်ပြီး မကြာခင်မှာ စာနယ်ဇင်းများမှ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။
သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဒေါ်မဉ္ဇူအောင်က ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ စေ့စပ်ကြောင်းလမ်းတဲ့ သတင်းကို ဂျာနယ်များ၊ ဝက်ဘ် ဆိုက်များနဲ့ Facebook များနှင့် မိတ်ဆွေများရဲ့ ပြောကြားချက်အရ ကြားသိရသလို၊ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ Myanmar Gazette စာစောင်မှာလည်း စေ့စပ်ကြောင်းလမ်းခြင်း သတင်းကို ထပ်မံတွေ့ရှိရကြောင်း၊ ကိုဥက္ကာကျော်ရဲ့ မိဘများကို ဆက်သွယ် မေးမြန်းရာမှာလည်း စေ့စပ်ကြောင်း လမ်းမှုမှာ ပါဝင်ပတ်သက်မှု မရှိသလို စေ့စပ်ခြင်းကို သဘောလည်း မတူဟု သိရှိခဲ့ရကြောင်း၊ ၎င်းနှင့် ကိုဥက္ကာကျော်တို့မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ လင်မယားအဖြစ် ပေါင်းသင်းခြင်း တရားဝင် တည်မြဲလျက် ရှိစဉ်မှာ ယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းခြင်းမျိုးကို တရားဝင် ဇနီးတစ်ဦး အနေနှင့် ကန့်ကွက်ကြောင်း ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ ဒေါ်မဉ္ဇူအောင်က ရှေ့နေကတစ်ဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“နိုင်ငံပိုင် သတင်းစာတွေထဲမှာ ကိုဥက္ကာကျော် ဘက်ကလည်း ရှေ့နေက တစ်ဆင့်ပြန်လည် ရှင်းသွားမယ်။ ပန်ပန် ကိုယ်တိုင်လည်း တစ်ဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန်ရဲ့ Facebook နဲ့ စာနယ်ဇင်းတွေက တစ်ဆင့် ပြန်လည် ရှင်းလင်း အသိပေးသွားပါမယ်” လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ နေရယ်၊ လရယ်၊ အမှန် တရားရယ် အမည်ရှိ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် နေယံ၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ သရုပ်ဆောင်နေကြောင်း၊ ဂီတဘက်က ပရိသတ်တွေ အတွက်လည်း ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးကို စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆုပန်ထွာက ထပ်လောင်း ပြောကြားပါတယ်။

အနုပညာ နယ်ပယ်အတွင်း တေးသံရှင် ထူးအယ်လင်းနဲ့ မီးမီးခဲတို့ ဧပြီလ ၃၀ ရက်က တရားဝင် ကွာရှင်း ခွင့်ရကြပြီ ဖြစ်သလို သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း ရဲကိုကိုနဲ့ တရားဝင် ကွာရှင်းဖို့အတွက် လုပ်ဆောင်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။


The Voice Weekly

No comments:

Post a Comment

My Blog List