မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ) ၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို ဖွဲ့စည်းပြီး ငါးလခန့်အကြာတွင် ပြန်လည် ရွေးချယ်ခဲ့ကြောင်း အဆိုပါ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ပြော ကြားသည်။
ရွေးချယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ပိုင် ခန်းမတွင် ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များ တွေ့ ဆုံ ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါပွဲကို အလုပ်သမား ကိုယ်စားလှယ် နှစ်ရာကျော် တက်ရောက်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် မဲစနစ်ဖြင့် အလုပ်အမှုဆောင် ၂၇ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကာ အထက်မြန်မာပြည်နှင့် အောက်မြန် မာပြည်အတွက် ဒုဥက္ကဋ္ဌ တစ်ဦးစီ ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) မှ အတွင်းရေးမှူး ၁ ဦးနော်အောင်က ပြောကြားသည်။
ယခု ရွေးချယ်ခဲ့သော ကော်မတီဝင်များနှင့် အစည်းအဝေးကို မေလ ၁၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ဖွဲ့စည်းပုံ စည်းမျဉ်းကို အတည်ပြုခြင်းနှင့် ကော်မတီများ ဖွဲ့စည်းရန် ရှိကြောင်း၊ အနည်းဆုံး လုပ်ခလစာအတွက်လည်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီတွင် ပါဝင်သည့် အဖွဲ့ချုပ် ကိုယ်စားလှယ်များမှတစ်ဆင့် တောင်းဆိုသွားမည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။
“သမဂ္ဂအရေအတွက်ကတော့ တိုးလာမယ်ထင်ပါတယ်။ အဖွဲ့ချုပ်ကို မသိသေးတဲ့ သမဂ္ဂတွေ က ဖောင်တွေ တောင်းသွားတာရှိတယ်” ဟု ဦးအောင်လင်းက ပြောကြားသည်။
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
The Voice Weekly

No comments:
Post a Comment