Friday, May 02, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ရန်ကုန်မြို့၌ ဟောပြောမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် လူထုဟောပြောပွဲတစ်ရပ်ကို မေ ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။
“၁၇ ရက် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ လုပ်မှာပါ။ မနက် ၉ နာရီကနေ ၁၀ နာရီခွဲအထိပါ။ ဗိုလ်စိန်မှန် ကွင်းမှာ လုပ်ဖို့အတွက် ပါမစ်တင်ထားပါတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အဓိကဟောပြော မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

အလားတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးဂျင်မီကလည်း “ဟောပြောပွဲလုပ်မှာက ဟုတ်ပါတယ်။ အသေးစိတ်နဲ့ပတ်သက်လို့ ကတော့ မေ ၅ ရက် နောက်ပိုင်း ထုတ်ပြန်နိုင်ပါလိမ့်မယ်။
အန်တီ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေအတူ အဓိက ဟောပြောမယ့်ကိစ္စတွေ ရှိလာပါလိမ့်မယ်။ ရန်ကုန်၊ မန္တလေးအပြင် တခြားနေရာတွေမှာလည်း ရှိလာနိုင်ပါတယ်”ဟု ဆိုသည်။

မန္တလေးမြို့တွင်လည်း လူထုဟောပြောပွဲတစ်ရပ်ကို မေ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း မန္တလေးတိုင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားထားသည်။ အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲများကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပြုလုပ်လျက်ရှိပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် တက်ရောက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို ရှင်းလင်းဟောပြော လျက် ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးအပေါ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ကို မေလလယ်ခန့်တွင် ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏နေအိမ်တွင် ၈၈ မျိုးဆက်အဖွဲ့မှ ဦးမင်းကိုနိုင်၊ ဦးကိုကို ကြီး၊ ဦးဌေးကြွယ်၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦး ပြုံးချိုတို့သည် ဧပြီ ၂၁ ရက်က သွားရောက်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး လုပ်ငန်းစဉ်စတင်ရေး အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြုပြီး ပြင်ဆင်ပြီးဖြစ်အောင် ဆောင်ရွက် ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူဝါဒချမှတ်ပြောကြားထားသည်။ 
 
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲစေသည်ဟု နိုင်ငံတကာက ပြောကြားထားသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လုပ်ကိုလုပ်ရမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List