Tuesday, April 29, 2014

ဒေသခံ တိုင်းရင်းသားများကို နယ်ခြားစောင့်တပ် ဖွဲ့စည်းတာဝန်ပေးရန် ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆို

အကြမ်းဖက်မှု အန္တရာယ် ကာကွယ်ရန် ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်ရင်းသားများကို နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းကာ တာဝန်ပေးရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့တွင် ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံတွင် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် ကိုယ်စားလှယ် တို့က တောင်းဆိုခဲ့ကြသည်။
လက်နက် တပ်ဆင်ပေးထားသော ကျေးရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း လေ့ကျင့်ထားရန်လည်း မဖြစ် မနေ လိုအပ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အခြေခံစစ်ပညာကို သင်ကြားပေးရန် လိုအပ်ကြောင်း ဘူးသီးတောင်မြို့နယ် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်ပြ တောင်းဆိုခဲ့သည်။

ပင်လယ်၊ မြစ်ကမ်း၊ မြေပြင် လုံခြုံရေးကို အထူးတပ်ဖွဲ့ ဖွဲ့စည်း စောင့်ရှောက်ပေးရန်နှင့် ခေတ်မီ လက်နက်များကိုပါ တပ်ဆင်ပေးရန်၊ ပင်လယ်ပြင် စိုးမိုးရေးကို အထူးအလေးပေး ဆောင်ရွက်ရန်၊ တိုင်ရင်းသား လက်နက်ကိုင်တပ်များကို ပြည်ထောင်စု တပ်မတော်၏ အရန်အင်အားတပ်ဖွဲ့ နယ်ခြားစောင့် တပ်များအဖြစ် စုစည်းပေးရန်၊ တရားဥပဒေစိုးမိုးရေးကို အထူးအလေးပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း မောင်တောမြို့နယ် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

အဆိုပါ မြို့နယ်များတွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းများတွင် ထောက်ပံ့မှု အပြည့်အစုံ မရရှိသဖြင့် ပဋိပက္ခများကို သွားရောက် ဖြေရှင်းရာတွင် အခက်အခဲ ဖြစ်ပေါ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များပါ တိုက်ခိုက်ခံနေရခြင်း ဖြစ်ကြောင်း၊ လုံခြုံမှု မရှိခြင်းသည် ဒေသခံများကို နေရပ်စွန့်ခွာခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။

“ဒီနေ့အချိန်အထိ တိုင်းရင်းသား ကျေးရွာတွေမှာ အေးအေးလူလူ မအိပ်စက်နိုင်ဘဲ ကင်းစောင့်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။

တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေမဲ့ ဆူပူအကြမ်းဖက်မှုများကို ကာကွယ်ရန် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ ရဲအရာရှိ ၃၃၉ ဦး အခြားအဆင့် ၂၁၈၄ ဦးနှင့် ရဲတပ်ဖွဲ့ ၄၊ ၆၊ ၁၃ ကွက်ကဲမှုအောက် ရဲတပ်ရင်း လေးခုမှ ရဲအရာရှိ ၁၇၄ ဦး၊ အခြားအဆင့် ၁၅၈၃ တို့ဖြင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ စသည့် မြို့များတွင် လုံခြုံရေး ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောကြားသည်။

နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရန် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာနက ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ယင်းနယ်ခြားစောင့် တပ်ဖွဲ့အောက်တွင် နယ်ခြားစောင့် ရဲတပ်ရင်း လေးခုက မောင်တောနှင့် ဘူးသီးတောင် မြို့တို့တွင် နယ်ခြားဒေသ အုပ်ချုပ်မှု အာဏာသက်ရောက်မှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် တိုးချဲ့ ဖွဲ့စည်းထားကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီလူဦးရေ ၈၀ ရာခိုင်နှုန်း အထက်တွင် ရှိသည့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့တွင် လူဦးရေ အချိုးအစား ကွာဟမှု ပြဿနာကို ဖြေရှင်းရန် ဒေသခံတိုင်းရင်းသား လူဦးရေ တိုးပွားလာရေး လုပ်ငန်းများကို အကောင်အထည်ပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားညီလာခံတွင် မြို့နယ် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။

တိုင်းရင်းသားရွာများကို တိုးချဲ့ ထူထောင်ပေးရန်၊ အုပ်ချုပ်ရေးယန္တရား ပိုမိုထိရောက်စေရန် မြို့နယ်များ တိုးချဲ့ တည်ဆောက်ပေးရန် လိုအပ်ပြီး ဘင်္ဂါလီများကိုလည်း ဥပဒေ ပြဋ္ဌာန်း၍ လူဦးရေ ထိန်းချုပ်ပေးရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ နိုင်ငံ သား ဖြစ်သူများသာ မဲပေးခွင့် ကိုယ်စားလှယ်အဖြစ် ရွေးကောက်နိုင်ရေး အကောင်အထည်ဖော်ရန် စသည့် အချက်များကို မြို့နယ်ကိုယ်စားလှယ် အချို့က ညီလာခံတွင် တင်ပြခဲ့ကြသည်။

နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း တစ်ကျော့ပြန် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List