ထိုင်းအခြေစိုက် ဘန်ကောက်အဲဝေးက မြန်မာနိုင်ငံရဲ့ ပထမဆုံး Brand Ambassador အဖြစ် မယ်စကြာဝဠာ မြန်မာ မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ပါပြီ။ မိုးစက်ဝိုင်ကို ကုန်အမှတ်တံဆိပ်ဆိုင်ရာ သံတမန်အဖြစ် ဘာ့ကြောင့် ခန့်အပ်တာလဲ။
မိုးစက်ဝိုင်ဟာ Miss Universe Myanmar 2013 အဖြစ် မြန်မာပြည်မှာ လူသိများသူတစ်ယောက်ဖြစ်သလို သူတို့ရဲ့ Bangkok Airways ကို ပိုပြီး သတိပြုမိစေချင်တာကြောင့် အခုလို ရွေးချယ်ခန့်အပ်တာဖြစ်တယ်လို့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
၁၉၆၈ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ဘန်ကောက်အဲဝေးဟာ အာရှရဲ့ ခေတ်မီလေကြောင်းလိုင်းဆိုတဲ့ ဆောင်ပုဒ်နဲ့ လက်ရှိ လေယာဉ် ၂၅စီးနဲ့ အာရှဒေသတွင်းက ယဉ်ကျေးမှုအမွေအနှစ်နဲ့ ပင်လယ်ကမ်းခြေ စတဲ့နေရာပေါင်း ၂ဝကျော်ကို ပြေး ဆွဲနေပါတယ်။
မြန်မာနိုင်ငံကိုတော့ ၂ဝ၁၃ခုနှစ်ကစတင်ပြီး ဘန်ကောက်ကနေ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်ကို တစ်နေ့ ၃ကြိမ်ကနေ ၄ကြိမ်အထိ တိုက်ရိုက် ပြေးဆွဲနေပါတယ်။
ထူးခြားဆန်းပြားတဲ့ နေရာတွေကို ခရီးသွားရတာ နှစ်သက်တဲ့ မိုးစက်ဝိုင်ကတော့ ဘန်ကောက်အဲဝေးရဲ့ ဝန်ဆောင်မှုကို တကယ်ကြိုက်လို့ သံတမန်ခန့်အပ်တာကို လက်ခံခဲ့တာဖြစ်ပြီး မြန်မာပြည်မှာ အဲဒီလေကြောင်းလိုင်းအတွက် ဈေးကွက် လှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။
Kamayut Media

No comments:
Post a Comment