Monday, November 04, 2013

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည့် အဖွဲ့၏ ခေါင်းဆောင်ပိုင်းနေရာအတွက် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကွဲလွဲမှု ရှိခဲ့

Monday, November 04, 2013

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို သဘောတူခဲ့ ကြသော်လည်း အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည့် အဖွဲ့၏ ခေါင်းဆောင်ပိုင်း နေရာအတွက် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့တွင် ချမှတ်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးကာ မွန်းလွဲပိုင်း၌ အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်အတွက် လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်း အချိန်အထိ ပြီးပြတ်အောင် ဆွေးနွေးနိုင်ခြင်း မရှိသေးသဖြင့် နိုဝင်ဘာ ၃ ရက်မှသာ မြစ်ကြီးနားမြို့သို့ ခရီးဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂ ရက် ညနေပိုင်းအထိ သိရှိရသော အခြေအနေအရ ဘုံသဘောတူညီချက်တွင် ပါဝင်သော နိုင်ငံရေးဆွေးနွေးရန် ဦးစီးကော်မတီကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုချင်းစီမှ တစ်ဦးကျနှုန်းဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်သော်လည်း ထိုအဖွဲ့အောက်တွင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရေးကိစ္စ၌ အမြင်မတူမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"၁၃ ဦးလောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့တော့ ရပြီ။ အဖွဲ့ခေါင်းဆောင်မှာ နည်းနည်းလေး ထစ်နေတာ။ အလုပ်လုပ်ရမယ့် လမ်းညွှန်ချက်လည်း ရပြီ။ တော်တော်လေး စုံပါတယ်။ အခု နေ့လယ်ပိုင်းမှာတော့ လက်မှတ်ထိုးတဲ့ ဟာရယ်၊ အလုပ်လုပ်မယ့် အဖွဲ့ရယ်တော့ ကျွန်တော်တို့ အပြီးတာဝန် ပေးသွားမှာပေါ့" ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ဆိုသည်။
"အခုက လူရှာနေတာ၊ ဘယ်သူက အဖွဲ့ခေါင်းဆောင်၊ ဘယ်သူက ဒုတိယခေါင်းဆောင်ဆိုတာ လူရှာနေတာ။ သူ့ကိုငါတင် င့ါကိုသူတင် အဲဒီလို လှည့်နေကြတယ်။ နိုင်ငံရေး ဦးစီးကတော့ တစ်ဖွဲ့တစ်ယောက် ရထားတဲ့ အခြေခံပဲ။ သို့သော် အကောင်အထည်ဖော်မယ့် ညှိနှိုင်းရေး အဖွဲ့ပိုင်းမှာ ထစ်နေတာ" ဟု ၎င်းကဆက်လက် ပြောကြားသည်။
အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် အကောင်အထည်ဖော်မည့် ညှိနှိုင်းရေးအဖွဲ့ကို လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ စတုတ္ထနေ့တွင် အပြီးဖွဲ့စည်းသွားရန် ရည်ရွယ်ပြီး ထိုအဖွဲ့ဖြင့် မြစ်ကြီးနားသို့ သွားရောက်ကာ အစိုးရနှင့် ဆွေးနွေးသည့် အဆင့်အထိ မျှော်မှန်းထားကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
"ညီလာခံက ဖွဲ့လိုက်တဲ့ ဆွေးနွေးရေး အဖွဲ့က အစိုးရနဲ့ အမြန်ဆုံး ဆွေးနွေးမယ်။ ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန် သန်ဘက်ခါ မြစ်ကြီးနားမှာ ဦးအောင်မင်းတို့နဲ့စပြီး ဆွေးနွေးမှာဖြစ်တယ်။ မြစ်ကြီးနား ဆွေးနွေးပွဲကို ဒီဆွေးနွေးရေးအဖွဲ့ အနေနဲ့ သွားမယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) ၏ အဖွဲ့ဝင်များအကြား သဘောထား ကွဲမှုများ ရှိနေသည်ဆိုသော အချက်ကိုမူ ဒေါက်တာဆလိုင်းလျန်မှုန်းက ငြင်းဆိုသည်။
"အထဲမှာ WGEC၊ UNFC ကွဲနေတာ မရှိပါဘူး။ အခုဟာက ကျွန်တော်တို့ မနေ့က သဘောတူထားတာကတော့ WGEC ရေးတဲ့ Paper၊ UNFC ပြင်ဆင်ထားတဲ့ Paper၊ အဲဒါတွေကို အားလုံးပေါင်းပြီးတော့ Paper အသစ်ရေးပြီးပြီ။ အဲဒီ Paper ပေါ်မှာ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး ရပ်တည်တော့မယ်။ WGEC တို့၊ UNFC တို့ကို မေ့ထားတော့။ အဲဒီလိုပဲ ကျွန်တော်တို့ သဘောထားပါတယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို လိုင်ဇာဆွေးနွေးပွဲ တက်ရောက်သူအားလုံးက သဘောတူထားပြီ ဖြစ်သော်လည်း လက်မှတ်ရေးထိုးပြီး အတည်ပြုမည့် အပိုင်းကို နှောင့်နှေးနေသည့် အဖွဲ့များလည်း ရှိနေကြောင်း နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်း အချိန်အထိ သိရသည်။ 
Eleven Media Group

No comments:

Post a Comment

My Blog List