Friday, November 08, 2013

သတင်းထောက် ကိုခိုင်စိုးလင်း အရိုက်ခံရသည့် ကိစ္စ ပုဂ္ဂိုလ်ရေးမုန်းတီးမှုမရှိ ကာယကံရှင်ပြေ



photo for news no 15

The Voice Weekly Journal မှ သတင်းထောက် ကိုခိုင်စိုးလင်း အရိုက်ခံရသည့် ကိစ္စသည်  ပုဂ္ဂိုလ်ရေး မုန်းတီးမှုမရှိကြောင်း ကိုခိုင်စိုးလင်းက နိုဝင်ဘာ(၇)ရက် နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုခိုင်စိုးလင်းသည် နိုဝင်ဘာလ ၃ ရက်နေ့ည ကစားသောက်ဆိုင်မှ နေအိမ်သို့ ၎င်း၏သူငယ်ချင်းတစ်ဦးနှင့် အတူ ပြန်လာစဉ် လူ(၃)ယောက်မှ ၀ိုင်း၍ အရိုက်ခံရခြင်းဖြစ်သည်။
“မှော်ဘီ အမှတ် ၄ လမ်းမပေါ်ကဆိုင်မှာ ထိုင်ပြီး အပြန် ည ၁၀ နာရီခွဲလောက်မှာ ပြည်လမ်းပေါ်က ရထားလမ်းကွေ့မှာ အရိုက်ခံရတာပါ။ ၅၈၁ ရာအိမ်မှူးအပါအ၀င်  ၃ ယောက်က  တုတ်တွေနဲ့ ၀ိုင်းရိုက်ကြတာပါ။ မင်းလားကွ မီဒီယာသမားလား ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဟုပြောဆိုကာရိုက်နှက်ခဲ့ကြတာပါ”ဟု The Voice မှ သတင်းထောက် ကိုခိုင်စိုးလင်းကပြောသည်။

ရိုက်နှက်သူ ၃ ဦးသည် အခင်းမဖြစ်ပွားမီက စားသောက်ဆိုင်ရှေ့သို့ အမျိုးသမီးတစ်ယောက်မောင်းသည့် ကားဖြင့် ဆိုင်ရှေ့သို့လာရောက်ပြီး ပြန်လည်ထွက်ခွာသွားကြောင်း၊ ၎င်းတို့ အရိုက်ခံရသည့်နေရာမှာ မှောင်မဲနေသော်လည်း ဆိုင်ကယ်မီးရောင်ကြောင့်ရိုက်နှက်သူများ၏ မျက်နှာကို ကောင်းစွာမြင်ရကြောင်း     မျက်မြင်သက်သေတစ်ဦးက ဆိုသော်လည်း ရာအိမ်မှူးက၎င်းနှင့် မသက်ဆိုင်ကြောင်းပြန်လည်ပြောကြားသည်။
“ကျွန်တော်တို့အသိ မအိဆိုတဲ့ အမျိုးသမီးကခေါ်လို့ စားသောက်ဆိုင်ကိုသွားတယ်။ ဆိုင်ရှေ့လည်း ရောက်ရော သူတို့ကဆဲဆိုပြီး မအိကို ကိုယ်ထိလက်ရောက်ကျုးလွန်ကြလို့ ကျွန်တော့်တို့ လူကြီး ၃ ဦးက ၀ိုင်းဝန်ဖျန်ဖြေပြီးတော့ပြန်လာကြတယ်။ကျွန်တော်တို့ ဆိုင်ကပြန်ထွက်လာတော့ သူတို့အုပ်စု ဆိုင်မှာ ကျန်ခဲ့ကြတာပဲ။ ကျန်တာတော့ မသိပါဘူး။”ဟု မှော်ဘီမြို့နယ်(၄)ရပ်ကွက် ကွင်းအမှတ် ၅၈၁ မှ ရာအိမ်မှူး ဦးတင်ထွဋ် က ပြောသည်။
၅၈၁ ရာအိမ်မှူးအပါအ၀င်  ၃ ယောက်မှာ အခင်းမဖြစ်ပွားခင်အချိန်တွင် အမျိုးသမီးတစ်ယောက်မောင်းသည့် ကားကိုစီးပြီး ခိုင်စိုးလင်းအပါအ၀င် ကျွန်တော်တို့အုပ်စု စားသောက်နေသည့် ဆိုင်ရှေ့ကိုလာကြောင်း၊ အဲဒီ နောက် ခိုင်စိုးလင်းတို့က ကျွန်တော့်ကိုလိုက်ပို့ကြောင်း လိုက်ပို့အပြီးအပြန်မှာ သူတို့အရိုက်ခံရခြင်းဖြစ်သည်ဟု သတင်းထောက် ကိုခိုင်စိုးလင်း၏ သူငယ်ချင်းဖြစ်သူ ကိုပြည့်ဖြိုးက ဆိုသည်။
အဆိုပါ သတင်းထောက်အရိုက်ခံရသည့် ကိစ္စရပ်အား မှော်ဘီမြို့နယ် ရဲစခန်းတွင် ပြစ်မှု ပုဒ်မ (၃၂၅) ကြိုတင်ကြံစည် နာကျင်စေမှု၊ ပုဒ်မ(၄၂၇)အကျိုးဖျက်စီးစေမှု၊ ပုဒ်မ(၁၁၄) ပူးပေါင်းကြံစည်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

No comments:

Post a Comment

My Blog List