Saturday, November 09, 2013

လျှပ်စစ်မီတာခ ပြည်သူလက်ခံနိုင်သည့်နှုန်း ပြန်ပြင်မည်


Saturday, 09 November 2013
 
နိုဝင်ဘာလမှစတင်ကာ တိုးမြှင့်လိုက်သည့် လျှပ်စစ်ဓာတ်အားခများကို ပြည်သူများလက်ခံနိုင်သည့် နှုန်းထားများဖြစ်စေရန် ပြန်လည်ဆောင်ရွက်ပေးမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားလိုက်သည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ ၈ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မလှိုင်မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးအေးမောက်က အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့ပြီးနောက် ဒု-ဝန်ကြီးက ပြန်လည်သုံးသပ်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုရှင်က အိမ်ထောင်စုအများအပြားသည် တစ်လလျှင် ပျမ်းမျှ ယူနစ်၂၀၀မှ ၃၀၀ခန့်အထိ သုံးစွဲကြသည်ဖြစ်၍ ပြန်လည်သုံးသပ်သင့်သည်ဟု ပြောသည်။ ထို့ပြင် ယူနစ်၃၀၀ အထက် သုံးစွဲမှုအတွက် သတ်မှတ်ထားသည့် နှုန်းထားများကိုလည်း ပြန်လည်စဉ်းစားသင့်သည်ဟု ၄င်းက ဆိုသည်။
ယခုလမှ စတင်ကောက်ခံရန် တိုးမြှင့်သတ်မှတ်လိုက်သည့် နှုန်းထားများသည် အိမ်သုံး တစ်ယူနစ်မှ ယူနစ်၁၀၀အထိသုံးစွဲပါက တစ်ယူနစ်လျှင် ၃၅ကျပ်၊ ၁၀၀အထက် သုံးစွဲလျင် တစ်ယူနစ်လျှင် ၅၀ကျပ်ဖြစ်သည်။ စက်မှုလုပ်ငန်းသုံး
ဓာတ်အားခများကိုလည်း တိုးမြှင့်လိုက်ပြီး တစ်ယူနစ်မှ ငါးထောင်ယူနစ်အထိ တစ်ယူနစ်လျှင် ၁၀၀ ကျပ်နှုန်း၊ ငါးထောင်ယူနစ်အထက်ကို တစ်ယူနစ်လျှင် ၁၅၀ကျပ်နှုန်း ပေးဆောင်ရမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် လေ့လာပြီးမှသာ ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်ခဲ့သည် ဆိုသော်လည်း လျှပ်စစ်သုံးစွဲမှု သိပ်သည်းသည့် နေရာများတွင် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု ဦးအေးမောက်က သုံးသပ်သည်။
“နည်းပညာပိုင်း၊ အုပ်ချုပ်မှုပိုင်း၊ စွမ်းအားပြည့်လည်ပတ်နိုင်ခြင်းရှိမရှိ ရင်းနှီးမြှပ်နှံမှုအလေအလွင့်များ၊ ထိန်းသိမ်းနိုင်မှုတို့ကို အဖွဲ့ခွဲ၍ လေ့လာဆောင်ရွက်ခဲ့ပါက အရှုံးပေါ်မှုများသည် အမှန်တကယ်ကျဆင်း သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ရှင်းပြသည်။
လျှပ်စစ်ဓာတ်အားခများကို ယခုလမှစတင်၍ တိုးမြှင့်ကောက်ခံရန် အောက်တိုဘာ ၂၅ရက်က ကြေငြာခဲ့သဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ယခုကဲ့သို့ အရေးကြီးအဆိုတစ်ခု တင်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုတွင် ဓာတ်အားခများကို ပြန်လည်သုံးသပ်နေစဉ်အတွင်း တိုးမြှင့် ကောက်ခံနေမှုကို ရပ်ဆိုင်းထားပေးရန်နှင့် ဆောင်ရွက်မှုအခြေအနေကို အနီးဆုံးကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ ပြန်လည်တင်ပြန်ရန်လည်း ပါဝင်သည်။
ယင်းသို့ ဓာတ်အားခများတိုးမြှင့်ခဲ့ရခြင်းသည် ဈေးကြီးပေးသုံးစွဲနေရသည့် ပြည်နယ်များသို့ ကူညီရန် အကြောင်းမှာလည်း တစ်ချက်ပါဝင်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးအောင်သန်းဦးကဆိုသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုအခြေအနေသည် ပြည်နယ်များတွင် ၁၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ဓာတ်အားတစ်ယူနစ်လျှင်
ကျပ် ၅၀၀၊ ၆၀၀ ခန့် ပေးသွင်းသုံးစွဲနေရသည်ဟု ၄င်းက ရှင်းပြသည်။
“ပြည်နယ်က လူတွေက ၅၀၀၊ ၆၀၀ ပေးနေရတယ်။ အဲဒီတော့ တိုင်းဒေသကြီးက မြတ်တဲ့အမြတ်နဲ့ လုပ်လိုက်လို့ရှိရင် ပြည်နယ်ကလူတွေလည်း ကျေနပ်မှာဖြစ်ပါတယ်”ဟု ဦးအောင်သန်းဦးက ဆိုသည်။
ဓာတ်အားသုံးစွဲမှု အမျိုးအစားမတူသည်များကို ခွဲခြားဆုံးဖြတ်နိုင်ခဲ့လျှင် အများပြည်သူလက်ခံနိုင်သည့် ဓာတ်အားခ နှုန်းထားများ ဖြစ်နိုင်သည့်အတွက် အဆိုကို လက်ခံသည်ဟု ၄င်းက ပြောခဲ့သည်။ လက်ရှိတွင် အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၃၅ကျပ် ကောက်ခံနေပြီး လုပ်ငန်းသုံးအတွက်မူ တစ်ယူနစ်လျှင် ၇၅ကျပ်နှုန်း ကောက်ခံနေခြင်းဖြစ်သည်။
လျှပ်စစ်မီတာခများ တိုးမြှင့်သတ်မှတ်ခြင်းကြောင့် နိုဝင်ဘာလ ၆ရက်မှစကာ ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ Generation Youth အဖွဲ့တို့က ဆန္ဒပြလှုပ်ရှားမှုများ နေ့စဉ် ပြုလုပ်ခဲ့ပြီး ပြည်သူအများပူးပေါင်းပါဝင်ခဲ့သည်။ ထို့အပြင် နိုဝင်ဘာလ ၈ရက်၌ မန္တလေးမြို့တွင်လည်း ဆန္ဒထုတ်ဖော်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

 mizzimaburmese

No comments:

Post a Comment

My Blog List