Tuesday, September 01, 2015

ဒုက္ခသည်တွေ လှိမ့်ဝင်လာတဲ့ အရေး


ဆီးရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည် ရာနဲ့ချီ တင်ဆောင်လာတဲ့ ရထားတွေဟာ သြစတြီးယားနိုင်ငံ ဗီယက်နာမြို့ကို ရောက်ရှိနေပါတယ်။ ဟန်ဂေရီနိုင်ငံမှာ ခိုလုံခွင့် တောင်းခံထားပြီးတဲ့ ဒုက္ခသည်တွေကို စိစစ်ဖို့ သတ်မှတ်ထားတဲ့ အီးယူရဲ့ စည်းကမ်းချက်တွေကို သြစတြီးယား အစိုးရက လျှော့ပေါ့ပေးနေတဲ့ အနေအထားကို တွေ့ရပါတယ်။

ဥရောပရဲ့ နယ်စပ် တံခါးဖွင့် ၀ါဒနဲ့ ခိုလုံခွင့် ဥပဒေတွေကို လတ်တလော အကြပ်ရိုက်နေရတဲ့ဒုက္ခသည်အရေး ကိစ္စက အားစမ်းသလို ဖြစ်နေပါတယ်။

ဟန်ဂေရီအစိုးရက ဒုက္ခသည်တွေကို လက်ခံလိုက်ပြီး အများအပြားဟာ ဆီးရီးယားက လာကြတဲ့ သူတွေဖြစ် ပါတယ်။ အဲဒီလူတွေဟာ အနည်းဆုံး ရထား ၄ စင်း နဲ့ သြစတြီးယား ဒါမှမဟုတ် ဂျာမနီကို သွားဖို့ ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။

ဗီယက်နာကို မနေ့က ဒုက္ခသည် အုပ်ကြီး ရောက်လာပြီး ချက်ချင်း ဆိုသလိုပဲ ဂျာမနီကို သွားမယ့် ရထားတွေ ပေါ် အပြေးအလွှား သွားနေကြတာကို သြစတြီးယား ရဲတွေက မသိကျိုးကျန် ပြုနေကြတယ်လို့ မျက်မြင် သက်သေ တွေက ဆိုပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့ကို ရောက်လာကြတဲ့ ဒုက္ခသည်ပေါင်း ၂၀၀ လောက်ရှိတယ်လို့ ဂျာမန်ရဲတွေက ဆိုပါတယ်။

ဥရောပရဲ့ စည်းမျဉ်းများအရ နိုင်ငံတနိုင်ငံမှာ ခိုလုံခွင့် တင်ပြီးသူများဟာ အခြားနိုင်ငံတွေမှာ ခိုလုံခွင့် တင်ခွင့်မရှိတော့တာကြောင့် ဟန်ဂေရီမှာ ခိုလုံခွင့် မတင်သေးတဲ့ သူတွေကိုသာ မိမိတို့ လက်ခံတဲ့ အကြောင်း သြစတြီးရဲတွေက ပြောနေပေမယ့် တကယ့်လက်တွေ့ မှာတော့ သေချာ စိစစ်နိုင်မှု မရှိကြောင်းကို ဒုက္ခသည် လူအုပ်ကြီးက သက်သေပြနေပါတယ်။

ဒုက္ခသည်အရေး ဂျာမနီ ရင်လေး

ဂျာမနီနိုင်ငံမှာ ခိုလုံခွင့်တောင်းခံသူတွေ လတ်တလော များပြားမှုဟာ ဂျာမနီနိုင်ငံအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နေကြောင်း ဂျာမန် ၀န်ကြီးချုပ် အန်ဂျလာ မာခဲလ် က ပြောကြားလိုက်ပါတယ်။

လတ်တလောမှာ နိုင်ငံတ၀ှမ်း ကြီးမားတဲ့ ပြဿနာတွေ နဲ့ လူတိုင်း ရင်ဆိုင်နေရပြီး ဒါဟာ သီတင်းပတ် အနည်းငယ် ရက် အနည်းငယ်နဲ့ ပြီး ပြတ်မယ့် ကိစ္စမဟုတ်သလို ရေရှည် ဖြစ်လာမယ့် ကိစ္စ ဖြစ်တယ်လို့ ဂျာမန် ၀န်ကြီးချုပ် အန်ဂျလာ မာခဲလ် က ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံသားတွေ က အလိုမရှိကြတာ များပြီး ရွှေ့ပြောင်းလာသူတွေ အပေါ် မုန်းတီးမှု ထားတာဟာလည်း သူမအတွက် ဒုက္ခ ဖြစ်ရကြောင်း ၀န်ကြီးချုပ်က ဆက်ပြောပါတယ်။

မကြာသေးမှီကပဲ လူမျိုးကြီးဝါဒ ကိုင်စွဲထားတဲ့ ဂျာမန်တချို့ဟာ ဒုက္ခသည်တွေ ခေတ္တခိုလုံနေတဲ့ ကျောင်း အားကစားရုံကို မီးရှို့မှု ဖြစ်ပွားခဲ့သလို ဒုက္ခသည်တွေကို မလိုလားကြောင်း ပြသတဲ့ လူထု ဆန္ဒပြမှုတွေ မကြာမဏ ဖြစ်ပေါ်လာခဲ့ပါသေးတယ်။

ABC

No comments:

Post a Comment

My Blog List