Thursday, September 03, 2015

သမ္မတအဖြစ် အိပ်မက်


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားလိုက်ပါပြီ။ ပါတီ ဥက္ကဋ္ဌရာထူးက ဖယ်ရှားလိုက်ရုံတင်မက လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည် ရုပ်သိမ်းရန်ပင် ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ခဲ့။ ဘာကြောင့် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားလိုက်ရပါသနည်း။ ဖြစ်နိုင်ခြေကတော့ သူရဦးရွှေမန်းအား သမ္မတဖြစ်နိုင်သည့် လမ်းကြောင်းပေါ်က ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာပြည်၏ သမ္မတ ဘယ်သူဖြစ်လာတော့မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း သမ္မတ ဖြစ်နိုင် ခြေမရှိတော့ပေ။ ထို့ကြောင့် နိုင်ငံရေးလေ့လာသူများ ခန့်မှန်းထားသော သမ္မတဖြစ်နိုင်သူများထဲမှ လက်ရှိသမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တို့သာ ကျန်တော့သည်။

ထိုသုံးဦးထဲမှ သမ်္မတဦးသိန်းစိန်ကို လေ့လာကြည့်ပါစို့။ သမ္မတဦးသိန်း စိန်အနေဖြင့် မမျှော်လင့်ဘဲ သမ္မတ ဖြစ်လာသူဖြစ်သည်။ ထို့ကြောင့်လည်း သမ္မတဖြစ်လာချိန်တွင် သူ့အနေဖြင့် ၅ နှစ်တစ်ကြိမ်သာလုပ်ရန် စိတ်ကူးထားခဲ့ပုံပေါ်သည်။ မီဒီယာအချို့နှင့် နိုင်ငံရေးတွင် အရေးပါသူအချို့ကိုလည်း ဖွင့်ဟပြောဆိုခဲ့ဖူး သည်။ လွန်ခဲ့သော ၂ နှစ်ကျော်က သူရဦးရွှေမန်းနှင့် ဧရာဝတီသတင်းဌာနတို့ အင်တာဗျူးတွင် သမ်္မတ ဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်မလုပ်တော့ဘူးဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

သမ်္မတဦးသိန်းစိန်နှင့် နီးစပ်သူများ ၏အဆိုအရ သမ်္မတဦးသိန်းစိန်အနေဖြင့်လည်း အမှန်တကယ် ဒုတိယ သက်တမ်း ဆက်မလုပ်ချင်ပေ။ သူ၏ ကျန်းမာရေးကြောင့်လည်းပါသလို၊ သူကိုယ်တိုင်ကလည်း မလုပ် ချင်သောကြောင့် ဖြစ်သည်။

သို့သော် ငြိမ်းချမ်းရေး ဆောင်ရွက်နေသူများနှင့် သူ၏အနီးအနားတွင်ရှိသူများက သမ်္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လုပ်ရန် တိုက်တွန်းခဲ့ကြသည်။ ထိုကဲ့သို့တိုက်တွန်းရသည်မှာလည်း ၄င်းတို့၏ ကိုယ်ကျိုး စီးပွားကြောင့်ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။ သမ်္မတဦးသိန်းစိန်အနေဖြင့် သဘော ကောင်းသူပီပီ ယုံလွယ်သူလည်း ဖြစ်သည်ဟု သူနှင့်ဆက်ဆံဖူးသူများက ဆိုသည်။

“န၀တခေတ်ကဆို သမ္မတကြီးက ၀န်ကြီးချုပ်ပေါ့။ ၀န်ကြီးတွေက တစ်ခုခုသွားတင်ပြရင် သမ္မတကြီးက အေးအေး ကောင်းတယ်၊ လုပ်ပေါ့။ ဦးရွှေမန်းကျတော့ ဒါကမှားနေတယ်။ ဒီလို မဟုတ်ဘူးလား ပြန်စစ်လိုက် ဦးပေါ့။ ၀န်ကြီးတွေက ဦးရွှေမန်းဆီတင် ပြတော့မယ်ဆို သေသေချာချာလုပ်သွားရတယ်” ဟု အမည်မဖော် လိုသူ တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောသည်။

ထို့ကြောင့်ပင် အများအကျိုးထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သူများက ခေါင်းဆောင်နှစ်ဦးကြား ညှိနှိုင်းပေးရမည့်အစား ရန်တိုက်ပေးခဲ့ ကြသည်။အနားယူချင်နေသော သမ္မတ ဦးသိန်းစိန်အား ဒုတိယ သက်တမ်း ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်ဟု သမ်္မတနှင့်နီးစပ်သူများက ဆိုသည်။ ၀န်ကြီးတစ်ဦးကဆိုလျှင် သူရဦးရွှေမန်းအား ခေတ်သစ်ဂဠုန်ဦးစောဟုပင် ခိုင်းနှုန်းပြောဆိုသည်ဟု ထိုဝန်ကြီးနှင့် တွေ့ဆုံခဲ့သူများက ပြန်ပြောပြသည်။ 

လွှတ်တော်၏ တာဝန်အရ အစိုးရအဖွဲ့အားထိန်းကျောင်းခြင်းနှင့် ထောက်ပြခြင်းကိုပင် သူရဦးရွှေမန်းကို ဆရာလုပ်သည့်ပုံစံဖြင့် ပုံဖော်ခဲ့ကြသည်။ သမ်္မတဦးသိန်းစိန်၏ ပင်ကိုစိတ်ရင်းမှာ သဘောထားကောင်းခြင်း နှင့် နားယောင်တတ်ခြင်းတို့ကို ၀န်ကြီးအချို့၏ လွဲချော်ချက်များကို လွှတ်တော်က ထောက်ပြသည့်အခါ ဆရာလုပ်သည်ဟုမြင်ခဲ့ကြသည်။

ငြိမ်းချမ်းရေး ဆောင်ရွက်နေသူများက သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်လက်မလုပ် ဆောင်ပါက ငြိမ်းချမ်းရေးရရှိရန် ခက်ခဲနိုင်ကြောင်း တိုင်းရင်းသားခေါင်း ဆောင်များအား ပြောဆိုမှုများရှိခဲ့ ကြသည်။ တကယ်တော့ ဒါသည်လည်း အကြောင်းပြချက်သာ ဖြစ်သည်။ ထို့ကြောင့် ကရင်အမျိုးသား အစည်းအရုံး( KNU ) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က သမ်္မတကြီးအား ဒုတိယသက်တမ်း ဆက်လုပ် ရန်ပြီးခဲ့သည့်နှစ်က တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

သမ်္မတဦးသိန်းစိန်အနေဖြင့် ပြည်သူလူထုလိုလားပါက ဒုတိယသက်တမ်းအတွက် စဉ်းစားမည်ဟု မယုတ် မလွန် ပြန်လည်ပြောဆိုခဲ့သည်။ မကြာသေးခင်ကလည်း ကျောက်တန်းမြို့နယ်အတွင်း တံတားအသစ် တစ်ခုဖွင့်ပွဲတက်ရောက်လာသော သမ္မတ ဦးသိန်းစိန်အား မွေးရေးကျေးလက် အင်္ကျီဝတ်ဆင်ထားသူအချို့ နှင့် ပြည်သူအချို့က သမ္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လုပ်ပါဟု ပိုစတာအသေးလေးများ ကိုင်ဆောင် တောင်းဆိုခဲ့ကြသည်။ သို့သော် သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်လုပ် ရန်မှာ မသေချာသေးပေ။

သူရဦးရွှေမန်အား ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သော သူများ အဆိုအရ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်မလုပ်ရန် ၈၀ ရာခိုင်နှုန်း သေချာသွားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူ့အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတာဝန်ကို ဆက်လက်တာဝန်ယူပြီး ပါတီ ကနေသာ လမ်းညွှန်သွားတော့မည်ဟု သတင်း ရရှိသည်။

ထို့အပြင် သမ္မတဦးသိန်းစိန် သမ္မတပြန်ဖြစ်ရန် ဆိုသည်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီက အနည်းဆုံး ၂၆ ရာခိုင်နှုန်း အနိုင်ရ ဖို့လိုသလို ဒုသမ္မတတစ်ဦး တင်မြှောက်ခွင့်ရှိသည့် တပ်မတော် သား ၂၅ ရာ ခိုင်နှုန်းကလည်း ထောက်ခံဖို့လိုသည်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် သမ္မတမလုပ်မှသာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏မဲမှာ ဦးသိန်းစိန်အတွက် ဖြစ်လာပေလိမ့်မည်။

လက်ရှိအနေအထားတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်အားလုံးမှာ ဦးသိန်းစိန်ကို ထောက်ခံသူချည်း မဟုတ်ပေ။ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီးနောက် လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းသည့် ဥပဒေအား ပြဋ္ဌာန်းသင့်မသင့် ပြည်ထောင်စု လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ရာ၌ ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကြား သဘောထားကွဲလွဲမှုရှိခဲ့ သည်။ထိုဥပဒေ ပြဋ္ဌာန်းရန်ရည်ရွယ်ချက်မှာ သူရဦးရွှေမန်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းရန်ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က ဆိုသည်။

သို့သော် ထိုကိစ်္စမှာပင် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များက ထိုဥပဒေမပြဋ္ဌာန်းသင့်သည် ဘက်က ရပ်တည် ဆွေးနွေးခဲ့ကြသလို မဲခွဲဆုံးဖြတ်ရာတွင်လည်း မပြဋ္ဌာန်းသင့်သည်ဘက်က အနိုင်ရရှိခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အားလုံက သူတို့ အနိုင်ရရှိပါက သမ္မတဦးသိန်းစိန်ကို ထောက်ခံလိမ့်မည်ဟု ကံသေကံမ တွက်ထား၍ မရပေ။ လက်ရှိ အနေအထားအရလည်း ပြည်ခိုင်ဖြိုးပါတီမှာ ၂၆ ရာခိုင်နှုန်း အနိုင်ရရန်ပင်မသေချာ တော့ ကြောင်း နိုင်ငံရေး လေ့လာသူများက တွက်ချက်ထားသည်။ ထို့အပြင် ဦးသိန်းစိန်ကို ထောက်ခံသည်ဟု သုံးသပ်နိုင်သော ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီအများစု အနိုင်ရခဲ့လျှင် ထိုသူများမှာ ဦးသိန်းစိန်အား သမ္မတအဖြစ် ထောက်ခံနိုင်ခြေရှိသည်။ ထိုပါတီများထဲတွင်လည်း ရခိုင်အမျိုးသားပါတီက လွဲ၍ ကျန်ပါတီများ အနိုင်ရရှိရေးမှာ မသေချာ။ ရခိုင်အမျိုးသားပါတီ အနေဖြင့်လည်း သူရဦးရွှေမန်းနှင့် နီးစပ်လာသည့်သဘော တွေ့လာရသည်။

ထို့ကြောင့် သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတ ဆက်မလုပ်တော့ပါက လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား သမ်္မတအဖြစ် တင်မြှောက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က တွက်ချက်ထားသည်။ လာမည့် ရွေးကောက်ပွဲတွင်လည်း တပ်မတော် မှ လူ ၅၀ ကျော် အငြိမ်းစားယူ၍ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ကြမည်ဖြစ်သည်။

ထို့အပြင် အချို့သော ဗိုလ်ချုပ်ကြီးများအား ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ၀န်ကြီးခန့်အပ်နိုင်ရန် ပြည်နယ်တိုင်း လွှတ်တော်များက ၀င်ရောက် အရွေးခံခိုင်းထားသည်။ ဒုတိယဗိုလ်ချုပ်ကြီးများ ဖြစ်ခဲ့ကြ သော ဦးမြင့်စိုး၊ ဦးအောင်သန်းထွဋ်နှင့် ဦးသက်နိုင်ဝင်းတို့မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သမ္မတရွေးချယ်ရေးစနစ်အရ လွှတ်တော်ထဲတွင်ရှိသော တပ်မတော်သား ၂၅ ရာခိုင်နှုန်းအစုအဖွဲ့က ဒုတိယ သမ္မတတစ်ဦး တင်မြှောက်ခွင့်ရှိသည်။ ထို့ကြောင့် လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယသမ္မတ ဖြစ်နိုင်ရန် အလေးသာဆုံးဖြစ်သည်။ သို့သော် သူ့အနေဖြင့် ဒုသမ္မတတော့ လုပ်မည်မထင်။ သမ္မတသာ လုပ်ပေလိမ့်မည်။ သူသမ္မတဖြစ်ရန်ဆိုသည်မှာလည်း ပြည်ခိုင် ဖြိုးပါတီက ထောက်ခံရန်လိုသလို အနည်းဆုံး ပါတီက ၂၆ ရာခိုင်နှုန်း ထောက်ခံမှုလိုသည်။ ပြည်ခိုင်ဖြိုးပါတီ ကအနိုင်ရရှိသူအားလုံးကလည်း သူ့ကိုထောက်ခံမှုရှိ၊မရှိ စိတ်ဝင်စားစရာဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီတွင်း၌ လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် စီနီယာကျသူများ ရှိနေသည်။

လွှတ်တော်တွင်း သမ္မတရွေးချယ်ရန် မဲပေးသည့်စနစ်မှာ အားလုံးလျှို့ ၀ှက်မဲပေးသည့် စနစ်ဖြစ်သဖြင့် မိမိဆန္ဒအမှန်ကို ပေးနိုင်သည်။

နောက်ဆုံး သမ္မတဖြစ်နိုင်သူဟု ယူဆသူမှာ သူရဦးရွှေမန်းဖြစ်သည်။ ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားမခံရခင် ထိက သမ္မတဖြစ်ရန် အလေးသာဆုံးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားများနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့သည့် အချိန်ကစ၍ သူရဦးရွှေမန်းအား NLD က သမ္မတဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။

သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ရာထူးမှ မဖယ်ရှားခင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပဲခူးတိုင်းဒေသကြီး လူထုတွေ့ဆုံပွဲတွင် သူရဦးရွှေမန်း ၀င်ပြိုင်မည့် ဖြူးမြို့နယ်သို့ သွားရောက်ခြင်း မရှိသည်ကိုတွေ့ ရသည်။ ဖြူးမြို့က ဖြတ်သွားသည့်တိုင် သူမ၏ကားကို မရပ်နားခဲ့ပေ။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးကြားတွင် သဘောတူညီမှု တစ်ခုခုရှိထားသည်ဆိုသည်မှာ ထင်ရှားလွန်းလှ သည်။

လက်ရှိအနေအထားတွင်လည်း NLD မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အခြေအနေ ကောင်းနေ သည်။ ကိုယ်စားလှယ် ရွေးချယ်စဉ်က ၈၈ ကျောင်းသားအဖွဲ့အား ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ် သည့် အပေါ် ဝေဖန်မှုများရှိသော်လည်း သြဂုတ်လ ၂၄ ရက်နေ့တွင် ၈၈ နှင့် NLD ပူးတွဲကြေညာချက် ထွက်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီက ဒီမိုကရေစီနည်းဖြင့်ဆန့်ကျင် သည့်ပုံစံ ဖယ်ရှားခဲ့သဖြင့် သူရဦးရွှေမန်းအပေါ် ပြည်သူ တွေက ကရုဏာသက်ခဲ့ကြသည်။

ထို့ကြောင့် NLD အနေဖြင့်အနိုင်ရရှိပါက သူရဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်ရာတွင် ကန့်ကွက်မှု နည်းသွားနိုင်သည်။ သို့သော် သူရဦးရွှေမန်းကို တပ်မတော်က သမ္မတအဖြစ် လက်ခံခြင်းရှိ၊မရှိ စဉ်းစားစရာ ရှိသည်။ သူရဦးရွှေမန်း အနေဖြင့် တပ်မတော်တွင် ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်ထမ်းဆောင်စဉ်က နာမည် ကောင်းရခဲ့သည်ဟု တပ်မတော်အရာရှိဟောင်း တစ်ဦးကဆိုသည်။

ထို့ကြောင့် သူရဦးရွှေမန်းမှာ မြန်မာ့သမိုင်းထဲက ကျန်စစ်သားမင်း ကဲ့သို့ဖြစ်လာလေမလားဟု တွေးဆမှု များ ရှိလာသည်။ ဘယ်သူ သမ္မတ ဖြစ်မလဲဆိုသည်မှာ ဘယ်ပါတီ အနိုင်ရရှိသလဲပေါ် မူတည်ပေလိမ့်မည်။ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD နှင့် ဒီမိုကရက်တစ် အင်အားစုများ အနိုင်ရရှိပါက သူရဦးရွှေမန်း သမ္မတဖြစ်လာနိုင်ခြေရှိသည်။ သို့တည်း မဟုတ် ကြံ့ခိုင်ရေးနှင့် သူ၏မဟာမိတ်များ ပေါင်းကာ အနည်းဆုံး ၂၆ ရာခိုင်နှုန်း ( ၁၇၀ ဦးခန့် ) အနိုင်ရရှိပါက ပြည်ခိုင်ဖြိုးပါတီက ထောက်ခံသူတစ်ဦး သမ္မတ ဖြစ်လာပေ လိမ့်မည် ဖြစ်သည်။

စောကရင်
The Ladies News Journal

No comments:

Post a Comment

My Blog List