Tuesday, September 01, 2015

လမ်းပန်းခက်သည့် ဒေသမှ ရွေးကောက်ပွဲဝင်သူများအတွက် တပ်ရဟတ်ယာဉ်များ သုံးမည်ဟု ကော်မရှင်ဆို


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများ၌ ယှဉ်ပြိုင်မည့်လွှတ်တော်ကိုယ်စား လှယ်လောင်းများ သွားလာရေး အဆင်ပြေရန်အတွက် တပ်မတော်ရဟတ်ယာဉ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်မြို့တော် PARK ROYAL ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် တပ်မတော်ကို ဥပဒေအရ တိုင်ပင်ဆွေးနွေး ခြင်းများ ရှိပြီး ကိုယ်စားလှယ်လောင်းများ သွားလာရေးအတွက် ရဟတ်ယာဉ်များကို အသုံးပြုရန် တပ်မတော်သို့ အကူအညီတောင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနေရာမှာ ငါတို့ လမ်းပန်းဆက်သွယ်ရေး ခက်တယ်၊ ရဟတ်ယာဉ် သုံးကောင်းသုံးရလိမ့်မယ်၊ ဒီလိုဟာမျိုးတွေ ဆိုရင် တော့ အကူအညီတောင်းရမှာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများ ရှိသောကြောင့် အထွေထွေရွေးကောက်ပွဲတွင် ယင်းသို့ တပ်မတော်ပိုင် ရဟတ်ယာဉ်များကို အသုံးပြုခွင့်ပေးမည် ဆိုပါက လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွက် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်က ဆိုသည်။

“သိကြတဲ့ အတိုင်းပဲ ချင်းပြည်နယ်ထဲမှာဆို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာတွေ အများကြီးပဲလေ၊ အခု ရေဘေး ဒဏ်ကြောင့် လမ်းတွေ ပျက်သွားတာလည်း ရှိတယ်။ ဒီလိုမျိုး ကော်မရှင်က လုပ်ပေးမယ် ဆိုရင်တော့ ကျွန်တော်တို့က ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရမည့် နေ့ရက်ကို မူလက ရက်ပေါင်း ၃၀ သတ်မှတ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများသို့ သွားလာနိုင်ရေးအတွက် မဲဆွယ်စည်းရုံးရမည့် ရက်ကို ရက်ပေါင်း ၆၀ သို့ တိုးမြှင့်ခွင့်ပြုထားကြောင်းပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List