Monday, August 31, 2015

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဆက်လုပ်ရန် သက်သက်ယှဉ်ပြိုင်ခြင်း မဟုတ်ဟု ဦးမောင်မောင်အုန်း ပြောကြား


မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမ်းမြို့နယ် မဲဆန္ဒနယ် (၁) မှ ရွေးချယ်ခံမည့် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူးကို ထပ်မံ တာဝန်ထမ်းဆောင်လိုခြင်း တစ်ခုတည်းကြောင့် ယှဉ်ပြိုင်ခြင်း မဟုတ်ကြောင်း ပြောကြားသည်။

စစ်တွေ မြို့မိမြို့ဖအဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ဦးမောင်မောင် အုန်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“တချို့သော ပုဂ္ဂိုလ်တွေ အနေနဲ့ အထင်အမြင် လွဲမှားမှုတွေ ရှိနိုင်ပါတယ်။ ပွင်းပွင်းလင်းလင်း ပြောရရင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဆက်လုပ်ဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ ပြည်သူက ပေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အရေးသည် နိုင်ငံတကာနှင့် ဆက်စပ်နေသည့် ကိစ္စဖြစ်သကဲ့ သို့ အစိုးရအတွက်လည်း အရေးပါသောကြောင့် ရခိုင့်အရေးကို ကိုင်တွယ်ဖြေ ရှင်းသည့်အခါတွင် တစ်နိုင်ငံလုံးအရေးနှင့် ဆက်စပ်၍ လိမ္မာပါးနပ်စွာ ဆောင်ရွက်သွားရန် လိုကြောင်းလည်း ဦးမောင်မောင်အုန်းက ထောက်ပြ ပြောဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ကို တစ်နှစ်နှင့် သုံးလ ထမ်းဆောင်ခဲ့ရာ တွင် ရခိုင်ပြည်နယ်အရေးကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်တွေ မြိုမိမြို့ဖ အဖွဲ့ဝင် ဦးသန်းထွန်းက “သူပြောတဲ့အချက်က အမှန်ဆုံးဖြစ်တယ်လေ။ သူပြောတဲ့စကား က သူ့စကားပေါ့။ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ရာထူးကနေ အငြိမ်းစားပေးလိုက်တယ်။ အမ်းမြို့နယ်ကနေ ထပ်ပြိုင်မယ်ဆိုတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ နိုင်မယ်၊ မနိုင်ဘူးဆိုတာ ပြောလို့မရ သေးဘူး။ နိုင်လာသည့်တိုင်အောင် လက်ရှိ နိုင်ငံရေးအနေအထားအရ ဝန်ကြီးချုပ်ဖြစ်မယ်၊ မဖြစ်ဘူးလို့ လည်း ပြောလို့မရသေးဘူး” ဟု မှတ်ချက်ပြုသည်။

စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ အလုပ်အမှုဆောင် ဦးအောင်ဌေးကမူ “ကျွန်တော့်အနေနဲ့ Personal ပြောရမယ် ဆိုရင်တော့ သူပြောတဲ့ စကားကို မယုံတယ် မဟုတ်ဘူး။ ဝန်ကြီးချုပ်က ပြောရမယ့် စကားပဲ လေ။ စစ်တပ်ကနေ ရခိုင်ပြည်မှာ ဝန်ကြီးချုပ်လုပ်ဖို့ တိုက်ရိုက်ခန့်အပ တာဝန်ပေးခံရသူပဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်မှ သြဂုတ်လ ၂၅ ရက်နေ့က အနားယူ ခဲ့သော ဦးမောင်မောင်အုန်းသည် တိုင်းရင်းသားလက်နက်ကိုင် များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တာဝန်ယူခဲ့ရသူ တစ်ဦး ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်တိုင်းရင်းသားများ အတွက် နေရာ ချထားရေး အတွက်လည်း ပြည် ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား တိုင်းရင်းသား ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List