Monday, August 31, 2015

အငြိမ်းစားပညာရှင်များကို အချိန်ပိုင်းပါမောက္ခအဖြစ် ပြန်ခန့်မည်


ဘာသာရပ်အလိုက် သင်ကြားရေးစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်၍ အငြိမ်းစား ပညာရှင်များကို ပါမောက္ခ ရာထူးဖြင့် လိုအပ်ချက်ရှိသည့် တက္ကသိုလ်များတွင် အချိန်ပိုင်းဖြင့် ပြန်ခန့်မည်ဖြစ်ကြောင်း မိတ္ထီလာ တက္က သိုလ် ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးက ပြောကြားသည်။

သြဂုတ်လ ၂၉ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် တက္ကသိုလ် အဆင့် ရူပဗေဒ ဘာသာရပ် သင်ကြားမှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားစဉ် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒါ ကိုယ့်ဆိုင်ရာ ကျောင်းက Academic Body က လိုအပ်တယ်ဆို ကျွန်တော်တို့ ခန့်တော့မှာ ဖြစ်ပါ တယ်။ အဲဒါ မကြာခင် တစ်လ၊ နှစ်လ အတွင်း ထွက်ပေါ်တော့မှာ ဖြစ်ပါတယ်။ တချို့ ဘာသာရပ်တွေမှာဆို ရှားပါးတဲ့ Specialization အလိုက် အချိန်ပိုင်းပါမောက္ခတွေခန့်ဖို့ ကျွန်တော်တို့ပြောဆိုပြီးပါပြီ”ဟုဒေါက်တာ ကိုကိုကျော်စိုးက ပြောကြားသည်။

ပြန်လည်လုပ်ကိုင်လိုသည့် အငြိမ်းစား ပညာရှင်များသည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခများ နည်းတူ လစာကျပ် ၃၂၀,၀၀၀ ခံစားခွင့် ရနိုင်ဖွယ်ရှိပြီး အသေးစိတ် အစီအစဉ်များကို ပညာရေးဝန်ကြီး ဌာနက စီစဉ်နေဆဲဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ တက္ကသိုလ်အချို့တွင် ဆရာအင်အား မလုံလောက်ခြင်းနှင့် ဆရာများ၏ သင်ကြားရေးစွမ်းရည် အားနည်းမှုများ ရှိခြင်းကြောင့် အငြိမ်းစားယူထားသည့် ဆရာများနှင့် နုတ်ထွက်ထားသည့် ဆရာများ ပြန်လည် ခန့်ထားနိုင်ဖွယ် ရှိကြောင်း မိတ္ထီလာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောကြားသည်။

“ဆရာ့ကျောင်းက ခေါ်မယ်ဆိုရင် မိတ္ထီလာက ပင်စင်စားရှိရင် မိတ္ထီလာက ခေါ်သုံးမယ်။ ရန်ကုန်က ပင်စင်စားကိုတော့ မခေါ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆရာ၊ ဆရာမကြီးတွေ ဒီလောက်အသက် ကြီးပြီ။ ဘတ်စ်ကားနဲ့ သွား၊ ပြန် ဆိုလည်း အဆင်မပြေဘူး။ မော်တော်ကားနဲ့ သွား ကြိုပို့ဆိုတာလည်း အဆင်မပြေ ဘူးလေ။ အဲဒီတော့ သူ့မြို့အလိုက် ရှိတဲ့ ဆရာ၊ ဆရာမကြီးတွေကိုပဲ ခေါ်သုံးဖို့များတယ်” ဟု ဒေါက်တာ တင်ဝင်းက မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်းက “သူတို့ကျတော့ ပိုပြီးတော့ အချိန်ပေး လုပ်နိုင်တာပေါ့။ ဥပမာဆိုရင် ရုံးအလုပ် ဗာဟီရ မရှိတော့ဘူးပေါ့။ သင်ကြားရေး သက်သက်ပေါ့။ ခုဟာ ပါမောက္ခ ဆိုပေမယ့်လည်း ပါမောက္ခမှာ ဒီ့ပြင်ရုံးအလုပ်တွေ လုပ်ရသေးတာ ရှိသေးတာပေါ့။ ဥပမာဆိုရင် Extra Curriculum Activities တွေ လုပ်ရတာပေါ့” ဟု မှတ်ချက်ပြု ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာ အဆင့်တွင် အငြိမ်းစားဆရာများကို ပင်စင်ယူခဲ့စဉ်က တာဝန်ယူ သင်ကြားခဲ့သည့် ဘာသာရပ်နှင့် အတန်းအလိုက် ယခင်နှစ်များက စကာ ခန့်ထားခဲ့ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန၏ သင်ကြားရေးဆိုင်ရာ ပညာရှင်များကိုမူ ယခုမှ စကာ ပြန်လည်ခန့်ထားရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ရူပဗေဒဘာသာရပ် သင်ကြားမှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ်အသီးသီးက တင်သွင်းထား သော စာတမ်းများတွင်လည်း ရူပဗေဒ ဘာသာရပ်တွင် ဆရာများ အရည်အသွေး မြင့်မားရေးနှင့် သင်ရိုး များ ကောင်းမွန်စေရန်အတွက် အငြိမ်းစားပညာရှင်များ ဖိတ်ကြား၍ ဆောင်ရွက်ရန် တိုက်တွန်းထား ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List