Tuesday, September 01, 2015

ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဟု ပါးစပ်ထဲ ရှိသမျှ ပြောဆိုခြင်းကို လက်မခံကြောင်း ဦးတင်အေး ပြောဆို


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ကြောင်း ဥပဒေကြောင်းအရ ထောက်ပြခြင်းမရှိဘဲ ပါးစပ်ထဲ ရှိသမျှ ပြောဆိုခြင်းကို လက်မခံကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်မြို့တော် PARK ROYAL ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရန်ကုန်နိုင်ငံရေး သိပံ္ပကျောင်းနှင့် အာရှဘာရိုမီတာ ဆာဗေး (Asian Barometer Survey) တို့ ပူးပေါင်းပြီး ကောက်ယူထားသော လူထုစစ်တမ်းအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လူထုယုံကြည်မှု ကျဆင်းလျက်ရှိကြောင်း ဖော်ပြထားချက်ကို ၎င်းက ယင်းသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်ရှိတိုင်း ပြောနေတာတွေကို ကျွန်တော်လည်း လက်မခံပါဘူး၊ ခင်ဗျားတို့ကို မေးမယ်၊ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ လွတ်လပ်သလား၊ မျှတသလား၊ ခင်ဗျားတို့ဖြေလေ၊ ကမ္ဘာက ဘာပြောသလဲ၊ အဲဒီရွေး ကောက်ပွဲကို ဘယ်သူလုပ်တာလဲ ဦးတင်အေးပဲ လုပ်ပေးသွားတာ မဟုတ်ဘူးလား” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၈၈၂ နေရာဖြင့် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့ကာ အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် မဲသမာမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရွေးကောက်ပွဲ တရား မျှတမှု မရှိကြောင်း ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက ထောက်ပြဝေဖန် ခဲ့ကြသည်။

ယင်းနောက် သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင်ဖြစ်သွားသော လွှတ်တော်ကိုယ်စားလှယ်များ၏လစ်လပ် နေသော မဲဆန္ဒနယ်များအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်ပေါင်း ၄၃ နေရာဖြင့် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့သည်။

သို့သော်လည်း သြဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းနှင့် ထိုင်ဝမ် အခြေစိုက် အာရှဘာရိုမီတာ ဆာဗေး (Asian Barometer Survey) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ လူပေါင်း ၁၆၂၀ ကို မေးမြန်းထားသော စစ်တမ်းအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်သူမှာ ၃၀ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List