Tuesday, July 07, 2015

အာဏာသိမ်းမှု ဆန့်ကျင်သည့် ထိုင်းကျောင်းသားများကို စစ်ခုံရုံးတင်မည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ပြောကြား


ထိုင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကျောင်းသား ၁၄ ဦးကို ပြန်လွှတ်ပေးမည် မဟုတ်ဘဲ စစ်ခုံရုံးတင် စစ်ဆေးသွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ယူဂွန်ဂျက်စီတာဘူတာက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းငြိမ်းချမ်းရေးနှင့် အမိန့်တည်မြဲရေး အမျိုးသားကောင်စီက နိုင်ငံရေးရာ စုဝေးမှုများကို ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လအတွင်း ကျောင်းသားများက ဘန်ကောက်မြို့တော်၌ ငြိမ်းချမ်းစွာ စုဝေးပြီး စစ်အုပ်ချုပ်မှု ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါ ကျောင်းသားများကို ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားရောက် ထိုင်းလူမျိုးများက တိုးမြှင့်တောင်း ဆိုလာပြီး ဘန်ကောက် မြို့တော်တွင်လည်း ကျောင်းသားများ ပြန်လွှတ်ပေးရန် “၁၄ ယောက်ကို ပြန်လွှတ်ပေး” ဟု
ရေးသားတောင်းဆိုမှုများ ပေါ်ပေါက်လာလျက် ရှိသည်။


ယင်းကဲ့သို့သော တောင်းဆိုမှုများကို ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး စီတာဘူတာက အသိအမှတ်ပြု ပြောကြား သွားသော်လည်း ကျောင်းသားများကို ပြန်လွှတ်မပေးနိုင်ဟု တုံ့ပြန်လိုက်သည်။

“လုံခြုံရေးအရာရှိတွေက သူတို့ကို ရန်သူလို့ မမြင်ပါဘူး။ ကိုယ့်တူသားတွေ လိုပဲ မြင်ပါတယ်။ သူတို့က မမှန်မကန်ပြုမူ လို့သာ အာဏာပိုင်တွေက ထိန်းထားရတာပါ” ဟု ဗိုလ်ချုပ်ကြီးက ပြောကြားသွားသည်။

ထို့အပြင် ကျောင်းသားများအရေးကို ဥပဒေအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပြီး နောက်တစ်ဆင့် အနေနှင့် စစ်ခုံရုံးသို့ ပေးပို့သွားရမည်ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကလည်း ကျောင်းသားများ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအဖွဲ့နှင့် ဥရောပသမဂ္ဂ အဖွဲ့တို့က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်သော်လည်း အပြည်ပြည်ဆိုင်ရာ ဖိအားကို ခေါင်းငုံ့လက်ခံ မည်မဟုတ်ဟု မေလတွင်း ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုကို ဦးဆောင် ခဲ့သည့် လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောကြားသွားသည်။

၂၀၁၄ ခုနှစ် မေလတွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရအဖွဲ့ကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချလိုက်ပြီး ယင်းအချိန်မှစ၍ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် စုဝေးခွင့်ကို ကန့်သတ်ထားလိုက်ကာ စစ်အစိုးရ အပေါ် ဝေဖန်သူများကိုလည်း ခြိမ်းခြောက်အရေးယူလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List